၁၉၆၈ ခုနှစ်၊ ဧပြီလ ၃ ရက် ညနေပိုင်းတွင် အမေရိကန်နိုင်ငံ၊ တင်နစီပြည်နယ်၊ မန်ဖစ်စ်မြို့တွင် ပြင်းထန်သော မိုးကြိုးမုန်တိုင်းတိုက်ခတ်လျက်ရှိသည်။ ပင်ပန်းလျက် နာမကျန်းဖြစ်နေသော Rev. Dr. Martin Luther King Jr. (သင်းအုပ် ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ) သည် ဘုရားကျောင်းခန်းမတွင် သပိတ်မှောက် သန့်ရှင်းရေးလုပ်သားများကို အားပေးမိန့်ခွန်းပြောရန် အစီအစဥ်မရှိခဲ့ပါ။ သို့ရာတွင် လူအုပ်ကြီးက သူ၏မိန့်ခွန်းကို ကြားနာရန် ရာသီဥတုကို ရဲရဲရင့်ရင့် အန်တုကာ စောင့်ဆိုင်းနေသည်ဟု အရေးပေါ်ဖုန်းခေါ်ဆိုမှုကြောင့် သူအံ့သြသွားခဲ့သည်။ ထို့ကြောင့် ခန်းမသို့ သူသွား၍ မိနစ် ၄၀ စကားပြောခဲ့ပြီး ၎င်းသည် “ငါ တောင်ထိပ်သို့ ရောက်ခဲ့ဖူးပြီ” ဟူသည့် ကျော်ကြားသော မိန့်ခွန်းဖြစ်လာသည်။

နောက်တစ်နေ့တွင် ကင်းသည် လူသတ်သမား၏ ကျည်ဆံဖြင့် အသတ်ခံခဲ့ရသော်လည်း သူ၏မိန့်ခွန်းသည် ဖိနှိပ်ခံပြည်သူများကို “ကတိထားရာပြည်” ဟူသော မျှော်လင့်ချက်ဖြင့် လှုံ့ဆော်နေဆဲဖြစ်သည်။ ထိုနည်းတူ သခင်ယေရှု၏ ကနဦး နောက်တော်လိုက်များသည် စိတ်လှုပ်ရှားဖွယ်သတင်းစကားကြောင့် စိတ်ဓာတ် တက်ကြွခဲ့ကြသည်။ ခရစ်တော်ကိုယုံကြည်ခြင်းအတွက် ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရသော ဂျူးယုံကြည်သူများအား မျှော်လင့်ချက် မဆုံးရှုံးစေရန် ခိုင်မာသော ဝိညာဉ်ရေးအားပေးမှုကို ပေးရန် ဟေဗြဲသြဝါဒစာကို ရေးသားထားပေရာ၊ “သင်၏ အားနည်းသောလက်များနှင့် အားနည်းသောဒူးများကို အားဖြည့်ပါ” ဟူသည့် တိုက်တွန်းချက်က (၁၂:၁၂)၊ ဂျူးလူမျိုးများအတွက် ပရောဖက်ဟေရှာယ ထံမှလာသောတိုက်တွန်းချက်မှန်း (ဟေရှာ ၃၅:၃) သူတို့သိမှတ်ကြလိမ့်မည်။

သို့သော် ယခုအခါ ခရစ်တော်၏တပည့်တော်များအနေနှင့် ယုံကြည်ခြင်း၏ ရှေ့ဆောင်လမ်းပြဖြစ်သော သခင်ယေရှုအား စေ့စေ့ကြည့်ပြီး “ငါတို့မျက်မှောက်တွင် ထားသောပန်းတုံးတိုင်ကို အားမလျော့ပဲပြေးရန်” ကျွန်ုပ်တို့စေစားခေါ်ယူခြင်း ခံရသည် (ဟေဗြဲ ၁၂:၁-၂)။ ဤသို့ပြုသောအခါ ကျွန်ုပ်တို့သည် “အားလျော့၊ စိတ်ပျက်ခြင်းနှင့် ကင်းလွတ်”ကြမည် ဖြစ်သည် (:၃)။

ဤဘဝအသက်တာတွင် မိုးသက်မုန်တိုင်းများက ကျွန်ုပ်တို့ကို စောင့်နေသည်မှာ အသေအချာ ဖြစ်သည်။ သို့သော် ကိုယ်တော်၌ ရပ်တည်ခြင်းအားဖြင့် ဘဝ၏ မုန်တိုင်းများကို ကျွန်ုပ်တို့ကျော်လွှားနိုင်မည် ဖြစ်သည်။