“စုံလင်ခြင်းဝါဒ ဟူသည် ကျွန်မအား အခြောက်လှန့်ဆုံးသော စကားလုံး ဖြစ်သည်” ဟု Kathleen Norris (ကက်သလင်းနောရစ်)က ခေတ်သစ်စုံလင်ခြင်းဝါဒနှင့် ရှင်မဿဲခရစ်ဝင်ကျမ်းတွင် ဖော်ပြထားသည့် “စုံလင်ခြင်း”ကို အလေးအနက်ဆင်ခြင်လျက် နှိုင်းယှဉ်ဖော်ပြသည်။ ခေတ်သစ်စုံလင်ခြင်းဝါဒ ဆိုသည်မှာ “လူတို့အရဲစွန့်ပြီး တာဝန်မခံရဲလောက်အောင် ကြောက်ရွံ့ခံစားရစေသည့် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာဝေဒနာ”ဟု သူမက ဖော်ပြထားသည်။ သို့သော် ရှင်မဿဲခရစ်ဝင်ကျမ်းတွင် ဖော်ပြသည့် “စုံလင်ခြင်း”သည် ရင့်ကျက်ခြင်း၊ ပြည့်စုံခြင်း (သို့) အလုံးစုံကောင်းမွန်ခြင်း ဟူသောအဓိပ္ပာယ်ကို ဆောင်သည်။ “ပြည်စုံကောင်းမွန်ခြင်းသို့ ရောက်ရှိရန် ‘တိုးတက်မှုကို နေရာပေးရမည်’ဖြစ်ပြီး၊ အခြားသူအတွက် ကိုယ့်ကိုယ်ကို ပေးဆပ်နိုင်သည်ထိ ရင့်ကျက်လာခြင်းဖြစ်သည်ဟု နောရစ်က နိဂုံးချုပ်သည်။

စုံလင်ခြင်း၏အဓိပ္ပာယ်ကို ဤသို့နားလည်ခြင်းက ရှင်မဿဲခရစ်ဝင်ကျမ်း ၁၉ တွင် ဖော်ပြသည့် လူတစ်ယောက်က “ထာဝရအသက်ကိုရအံ့သောငှာ” (:၁၆) မည်သို့သောကောင်းမှုကို ပြုရမည်နည်းဟုမေးလျှောက်သည့် လေးနက်သောအကြောင်းအရာကို ရှင်းလင်းစွာ နားလည်စေသည်။ “ပညတ်တော်တို့ကို စောင့်ရှောက်လော့” (:၁၇)ဟု သခင်ယေရှုဖြေကြားသည်။ ပညတ်အားလုံးကို သူ နာခံကျင့်ကြံခဲ့ပြီးဖြစ်ကြောင်း ထိုသူသိသော်လည်း တစ်ခုခုလိုနေသည်ကို သိကာ “အဘယ်အကျင့် လိုသေးသနည်း” (:၂၀)ဟု သူလျှောက်ပြန်လေ၏။

ထိုအခါ သူ၏စည်းစိမ်ချမ်းသာသည် ဗြုတ်တူပမာ သူ၏နှလုံးသားကို ဆုပ်ကိုင် ခိုင်မာစေကြောင်း သခင်ယေရှု ထောက်ပြခဲ့သည်။ “စုံလင်ခြင်းသို့ ရောက်လိုလျှင်” ဘုရားသခင်၏နိုင်ငံတော်၌ ပေးကမ်းလိုစိတ်၊ သူတစ်ပါး၏ပေးကမ်းမှုကို လက်ခံလိုစိတ် ရှိရမည်။ သူတစ်ပါးကို မစွန့်ကြဲချင်အောင် စိတ်နှလုံးကို ပိတ်ဆို့ထားသည့်အရာကို ဖယ်ရှားလိုသော ဆန္ဒရှိရမည်ဟု သခင်မိန့်ကြားသည် (:၂၁)။

မိမိကိုယ်ကို ထိန်းချုပ်နိုင်အောင် အချည်းနှီးအားထုတ်လျက် တွယ်ကပ်နေသည့် ဥစ္စာပစ္စည်း/ပိုင်ဆိုင်မှု (သို့) အလေ့အကျင့် စသည့် ကျွန်ုပ်တို့ တစ်ဦးချင်းစီ၌ မတူညီသော စုံလင်ခြင်းပုံစံ အသီးသီးရှိကြသည်။ ယနေ့တွင် သခင်ယေရှု၏နူးညံ့သော ဖိတ်ခေါ်မှုကို နားညောင်းပြီး ကိုယ်တော်အားဖြင့်သာဖြစ်နိုင်သည့် အလုံးစုံပြည့်ဝစုံလင်ခြင်းမှ လွတ်မြောက်မှုကို ရှာဖွေလိုက်ပါ(:၂၆)။