“လက်ကို နောက်ပစ်ထားလိုက်ပါ။ မင်းအဆင်ပြေမှာပါ” ဤသည်မှာ လူအုပ်စုကို ဂျန် စကားမပြောမီတိုင်း သူမ၏ခင်ပွန်းသည်၏ ချစ်ဖွယ်သောသတိပေးပုံဖြစ်သည်။ လူလေးစားအောင်၊ အခြေအနေတစ်ခုကို တည်ငြိမ်အောင် ပြုလုပ်ရာ၌ သူမ ခံယူနိုင်အောင်၊ နားထောင်ပေးနိုင်သည့် အနေအထား၌ ရှိစေသောကြောင့် ဤအမူအရာကို သူသုံးခြင်းဖြစ်သည်။ သူ့ရှေ့၌ရှိနေသူများကို ချစ်ရန်၊ နှိမ့်ချလျက် သန့်ရှင်းသောဝိညာဉ်တော်ကို နေရာပေးရန် သူမကိုယ်ကို သတိပေးသည့်အခါတွင် သုံးသော ကိုယ်အမူအရာ ဖြစ်သည်။

ဂျန် ၏နှိမ့်ချခြင်းကို နားလည်မှုသည် “အရာရာတိုင်းသည် ဘုရားထံမှ လာသည်” ဟူသော ဒါဝိဒ်မင်း၏ ခံယူတွေ့ရှိချက်၌ အခြေတည်သည်။ “ကိုယ်တော်သည် အကျွန်ုပ်၏သခင်ဖြစ်တော်မူသည်။ … ကျေးဇူးတော်မှတစ်ပါး အခြားသောမင်္ဂလာသည် အကျွန်ုပ်၌မရှိပါ” (ဆာ ၁၆:၂)ဟု ဒါဝိဒ်က ထာဝရဘုရားအား လျှောက်ဆိုသည်။ ဒါဝိဒ်က “ညဉ့်အချိန်၌ပင် ငါ့နှလုံးသည် ငါ့ကို နှိုးဆော်တတ်၏” (:၇)ဟု ထာဝရဘုရားကို ရှာပြီး တိုင်ပင်အကြံဉာဏ်ရယူရန် သင်ယူသိရှိခဲ့သည်။ ထာဝရဘုရားသည် သူနှင့်အတူရှိခြင်းကို သိသောကြောင့် သူသည် တုန်လှုပ်ခြင်းမရှိ (:၈)။ သူ့ကိုချစ်သော၊ တန်ခိုးကြီးသောဘုရားသခင်ကို ယုံကြည်သောကြောင့် သူသည် တုန်လှုပ်ခြောက်ခြားရန် မလိုပါ။

ထာဝရဘုရားကို နေ့စဉ်ကိုးစားမျှော်ကြည့်လျက် စိတ်ရှုပ်ထွေးချိန်၌မစရန်၊ စိုးရွံ့စိတ်ဖြင့် ဆွံ့အနေချိန်တွင် ပြောရမည့်စကားကို ပြင်ဆင်ပေးရန်တောင်းခံခြင်းဖြင့် ကျွန်ုပ်တို့၏ဘဝတွင် ဘုရားရှင်အလုပ်လုပ်နေသည်ကို မြင်ရမည်။ဂျန်ပြောသကဲ့သို့ “ကျွန်ုပ်တို့ ထာဝရဘုရားနှင့်တွဲဖက်ပူးပေါင်းမည်”။ ထိုအခါ အလုပ်တစ်ခုကောင်းမွန်စွာ အထမြောက်ပြီးဆုံးလျှင် ဘုရားသခင်၏မစမှုကြောင့်သာ ဖြစ်ကြောင်း ကျွန်ုပ်တို့သိမြင်လာမည်။

လက်နောက်ပစ်ပြီး နှိမ့်ချသောအသွင်ကိုဆောင်ကာ တစ်ပါးသူကို ချစ်ခြင်းအမြင်ဖြင့် ကြည့်ခြင်းက မိမိ၌ရှိသော အရာရာတိုင်းသည် ဘုရားသခင်ထံမှလာကြောင်း သတိပေးပေသည်။