​ေခေတ်ဟောင်းဓမ္မကျမ်းပညာရှင် Jerome (ဂျရုမ်း)နှင့် Tertullian (တာတူလီယန်)တို့က ရှေးခေတ်ရောမနိုင်ငံတွင် စစ်သူကြီးတို့ မည်သို့ပြောင်မြောက်စွာ အောင်ပွဲခံကြသည်ကို ကိုးကားဖော်ပြသည်။ စစ်သူကြီးသည် မြို့တော်၏မြို့လယ်ခေါင်လမ်းမတွင် နေထွက်ချိန်မှစ၍ နေဝင်ချိန်ထိ လှည့်လည်အောင်ပွဲခံသည်။ ပြည်သူများကလည်း အားပေးသည်။ စစ်သူကြီးသည် သူ့ဘဝတွင် ဂုဏ်ယူရဆုံးအချိန်တစ်ခုကို ကောင်းမွန်စွာ ဖြတ်သန်းနေသည်။ သူ့နောက်တွင် ကျွန်တစ်ဦးက တစ်နေကုန် မတ်တပ်ရပ်ပြီး စစ်သူကြီးအား ‘Memento mori’ (“သင်လည်း တစ်နေ့သေရမှာပဲဆိုတာ သတိရပါ”)ဟု တိုးတိုးလေး‌‌ရေရွတ်နေသည်။ တိုင်းသူပြည်သားများ၏ သောင်းသောင်းဖြဖြ အားပေးမှုကြားတွင် စစ်သူကြီးအနေဖြင့် သူသည် သေမျိုးဖြစ်ပြီး တစ်နေ့သေရမည်ဟုသတိရစေသည့် နှိမ့်ချမှုကို မဖြစ်မနေ လိုအပ်ပေသည်။

ရှင်ယာကုပ်က မာနထောင်လွှားသူများ၊ ကိုယ့်အကျိုးအတွက်သာ ကြည့်သော စိတ်ထားကျဉ်းမြောင်းသောသူများရှိသည့် အသိုင်းအဝန်းသို့ “ထောင်လွှားစော်ကားသောသူတို့ကို ထာဝရဘုရား ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏” (ယာ ၄:၆)ဟု စာရေးလျက် သူတို့၏ မောက်မာမှုကို ထိပ်တိုက်ပြောဆိုခဲ့သည်။ သူတို့သည် “ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုယ်ကို နှိမ့်ချ”ရန် လိုအပ်သည် (:၁၀)။ ဤနှိမ့်ချခြင်းကို သူတို့မည်သို့ ခံယူမည်နည်း။ ရောမစစ်သူကြီးများနည်းတူ လူတိုင်းတစ်နေ့သေရမည်ကို သတိရရန်လိုသည်။ “နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ။ … ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏” (:၁၄)ဟု ရှင်ယာကုပ်ဆိုသည်။ မိမိ၏မတည်မြဲမှုကို သိမှတ်ခြင်းက တဖြည်းဖြည်းကွယ်ပျောက်သွားမည့် အားထုတ်မှုများထက် “ထာဝရဘုရားသည် အလိုတော်ရှိ”လျှင် ဟုခံယူလျက် လွတ်လပ်စွာ အသက်ရှင်စေလိမ့်မည် (:၁၅)။

မိမိ၏နေ့ရက်များသည် အကန့်အသတ်ရှိကြောင်းကို မေ့သည်နှင့် ကျွန်ုပ်တို့ ထောင်လွှားသွားနိုင်သည်။ မိမိ၏မတည်မြဲမှုကိုသိပြီး စိတ်နှလုံးနှိမ့်ချသောအခါ အသက်ရှူလိုက်တိုင်း၊ အသက်ရှင်ချိန်တိုင်းကို ကျေးဇူးတော်ဟု သိမြင်လာသည်။ “သင်လည်း တစ်နေ့သေရမှာပဲဆိုတာ သတိရပါ”။