ဆန်းသစ်၍ သမိုင်းဝင်ဖြစ်ခဲ့သော သာသနာပြုသူများအကြောင်း စဉ်းစားသည့်အခါ George Liele (ဂျော့လိုင်လီ) (၁၇၅၀-၁၈၂၀)ကို သတိမရကြပါ။ သူ့ကို မမေ့သင့်ပါ။ လိုင်လီသည် ကျွန်မိသားစုတွင်မွေးဖွားလာပြီး ဂျော်ဂျီယာပြည်နယ်၌ ခရစ်တော်ကို သိကျွမ်းခဲ့သည်။ အမေရိကန်တော်လှန်ရေး စစ်ပွဲကြီးမတိုင်မီတွင် သူသည် ကျွန်ဘဝမှ လွတ်မြောက်ခဲ့သည်။ ဂျမေးကားနိုင်ငံသို့ သခင်ယေရှု၏သတင်းကောင်းကို ဆောင်ယူခဲ့ပြီး စိုက်ခင်းတွင် လုပ်ကိုင်နေသောကျွန်များကြားတွင် အမှုတော်ဆောင်ခဲ့သည်။ ဂျော်ဂျီယာပြည်နယ်၊ ဆဗဲန်နာမြို့တွင် အာဖရိကန်-အမေရိကန် အသင်းတော် နှစ်ခုကို စတင်တည်ထောင်သူ သင်းအုပ်ဆရာဖြစ်ခဲ့သည်။ အသင်းတော်တစ်ခုမှာ “လူမည်းနှစ်ခြင်းခရစ်ယာန်များ၏ မိခင်အသင်းတော်”အဖြစ် သတ်မှတ်ခံခဲ့ရသည်။

ကောင်းကင်နိုင်ငံအတွက် ထူးခြားပြောင်မြောက်သော အသက်တာဖြင့် လိုင်လီပေးဆပ်အမှုဆောင်ခဲ့ခြင်းကို အချို့သူများ မေ့သွားသော်လည်း ဘုရားသခင်က ဘယ်သောအခါမျှ မမေ့ပါ။ သင်ပြုသောအမှုကိုလည်း ဘုရားရှင်မမေ့ပါ။ ဟေဗြဲဩဝါဒစာတွင် “သင်တို့သည် သန့်ရှင်းသူတို့ကို အထက်က လုပ်ကျွေးသည်သာမက၊ ယခုပင် လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကိုလည်းကောင်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင် အောင် အဓမ္မအမှုကို ပြုတော်မူသည်မဟုတ်” ဟု ခွန်အားပေးထားသည် (၆:၁၀)။ သူ၏နာမတော်၌ပြုသော အမှုမှန်သမျှကို ဘုရားရှင် အမှန်သိပြီး အမှတ်ရနေမည်ဖြစ်သောကြောင့် ဘုရားသခင်၏သစ္စာတော်ကို ဘယ်သောအခါမျှ လျှော့တွက်၍ မရပါ။ ဟေဗြဲဩဝါဒစာတွင် “ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့် ကတိတော်တို့ကို အမွေခံရသောသူတို့နည်းတူ ကျင့်”ရန် (:၁၁) ကျွန်ုပ်တို့ကို ခွန်အားပေးထားသည်။

အသင်းတော် (သို့) ရပ်ရွာအသိုင်းအဝိုင်းတွင် နောက်ကွယ်မှ အသုံးတော်ခံရာ၌ မိမိလုပ်အား အသိမှတ်ပြုမခံရဟု အလွယ်တကူခံစားရတတ်သည်။ စိတ်အား မလျှော့လိုက်ပါနှင့်။ ကျွန်ုပ်တို့၏ဆပ်ကပ်အစေခံခြင်းကို လူတို့ အသိမှတ်မပြု၊ မချီးမြှင့်ဘဲနေပါစေ၊ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံသောအရှင်ဖြစ်သည်။ သူသည် ကျွန်ုပ်တို့ကို ဘယ်သောအခါမျှ မေ့လျော့မည် မဟုတ်ပေ။