တစ်ဦးသည် ဂျာမနီတွင်နေပြီး တစ်ဦးသည် ဒိန်းမတ်တွင်နေထိုင်သော အသက် ၈၀ ကျော်အရွယ် စုံတွဲတစ်တွဲသည် တစ်မူထူးခြားသည်။ သူတို့သည် မုဆိုးဖို/မများ မဖြစ်မီအထိ အိမ်ထောင်သက် ၆၀ ကျော်မျှကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြသည်။ တစ်ဦးနှင့်တစ်ဦးသည် ၁၅ မိနစ်ခန့် အကွာအဝေးတွင်သာ နေထိုင်ကြသော်လည်း ၎င်းတို့၏အိမ်များသည် သီးခြားနိုင်ငံများတွင် ရှိနေသည်။ သူတို့နှစ်ဦး မေတ္တာ သက်ဝင်ခဲ့ကြပြီး ပုံမှန် အတူတကွ ချက်ပြုတ်စားသောက်ကာ အချိန်ကုန်ဆုံးစေလေ့ရှိသည်။ စိတ်မကောင်းစရာမှာ ၂၀၂၀ ခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒိန်းမတ်အစိုးရသည် နယ်စပ်ဖြတ်သန်းမှုကို ကန့်သတ်ခဲ့သည်။ သို့သော်လည်း ၎င်းတို့သည် အတားအဆီးကိုမမှုဘဲ နေ့စဉ် ညနေ ၃ နာရီရောက်လျှင် နှစ်နိုင်ငံစပ်ကြားကျေးလက်မြို့လေး၏ လမ်းကျဉ်းလေးတွင် ကိုယ်စီသက်ဆိုင်သည့် နိုင်ငံဘက်တွင်ထိုင်ကာ ပျော်ပွဲစားထွက်ကြသည်။ “ငါတို့ဒီလိုနေရာမှာ ရှိနေတာ ချစ်ခြင်းမေတ္တာကြောင့်ဖြစ်တယ်”ဟု ယောက်ျားဖြစ်သူက ရှင်းပြသည်။ သူတို့နှစ်ဦး၏ချစ်ခြင်းမေတ္တာသည် နယ်နိမိတ်စည်းများထက် ခိုင်မာပြီး ကမ္ဘာ့ကပ်ရောဂါထက် အစွမ်းကြီးမားသည်။

ရှောလမုန်သီချင်းတွင် ချစ်ခြင်းမေတ္တာ၏တုနှိုင်းမဲ့စွမ်းအားကို ခမ်းခမ်းနားနားဖော်ပြထားသည်။ ရှောလမုန်က “မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏” (၈:၆)ဟု ဆိုထားသည်။ သေခြင်းတရားမှ မည်သူမျှမလွတ်မြောက်နိုင်၊ အဆုံးတွင် ဧကန်မုချရောက်ရှိလာမည့် သေခြင်းကို ကျွန်ုပ်တို့လွန်ဆန်၍မရနိုင်ပါ။ သို့ဖြစ်စေ စာရေးသူကမူ ချစ်ခြင်းမေတ္တာသည် ထိုနည်းတူ စွမ်းအားကြီးမားသည်ဟု ဆိုထား သည်။ ချစ်ခြင်းမေတ္တာကပိုသည်မှာ “သူ၏အရှိန်သည် မီးအရှိန်၊ လျှပ်စစ်အရှိန် ဖြစ်ပါ၏” (:၆)။ အမျက်ဒေါသဖြင့် လောင်မြိုက်နေသောမီးကို သင်မြင်ဖူးပါသလား။ မီးကဲ့သို့ပင် ချစ်ခြင်းမေတ္တာသည် ဖိနှိပ်ထိန်းချုပ်၍မရပေ။ “ရေများတို့သည် မေတ္တာကို မသတ်နိုင်။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင်” (:၇)။

လူသားတို့၏ချစ်ခြင်းမေတ္တာ စစ်မှန်ပြီး ကိုယ်ကျိူးမရှာသောအခါတွင် ထို ဂုဏ်သတ္တိတို့ကို တွေ့မြင်ရသည်။ သို့သော် ဘုရားရှင်၏ချစ်မေတ္တာသည်သာ မှန်းဆမရနိုင်လောက်အောင် နက်ရှိုင်းပြီး အစဉ်ခိုင်မြဲသောအာနိသင်မျိုးကို ပေးစွမ်းနိုင်သည်။ ဘုရားသခင်သည် ထိုမကုန်ဆုံးသောချစ်ခြင်းမေတ္တာဖြင့် ကျွန်ုပ်တို့အားလုံးကိုချစ်သည်မှာ အံ့သြဖွယ်ပင်ဖြစ်တော့သည်။