ဂျန်သည် ခြေထောက်မပါပဲ မွေးဖွားလာခဲ့ပြီး ဆေးရုံ၌ စွန့်ပစ်ခံခဲ့ရသည်။ သို့ဖြစ်လျက်ပင် သူမက မွေးစားခံမည့်သူ စာရင်းသွင်းခံခဲ့ရခြင်းသည် ကောင်းချီးမင်္ဂလာဖြစ်သည်ဟုဆိုသည်။ “ကျွန်မဒီလိုရပ်တည်နေနိုင်တာ ကျွန်မကို အားပေးခဲ့ကြတဲ့ သူ‌တွေကြောင့်”ဟု သူမက ဆိုသည်။ “ဤကဲ့သို့မွေးဖွားလာခြင်းသည် အကြောင်းမဲ့ အကျိုးမဲ့ မဟုတ်ကြောင်း” သူမသဘောပေါက်လာစေရန် သူမ ၏မွေးစားမိသားစုက ကူညီပေးခဲ့သည်။ သူတို့က သူမအား “‘မလုပ်နိုင်’ ဟု လုံးဝ မပြောရန်” ပြုစုပျိုးထောင်ခဲ့ပြီး ကျွမ်းကျင်သောကျွမ်းဘားနှင့် ကောင်းကင်ဘားမယ် ဖြစ်လာခြင်းအပါအဝင် သူမ၏ဝါသနာများကို အားပေးခဲ့သည်။ သူမသည် စိန်ခေါ်မှုများအား “ငါဒါကို ဘယ်လိုဖြေရှင်းရမလဲ” ဟူသောအမြင်ဖြင့် ရင်ဆိုင်၍ အခြားသူများကိုလည်း ထိုကဲ့သို့ပြုရန် တိုက်တွန်းသည်။

ဘုရားသခင်က ပေးအပ်သောတာဝန်များကို ထမ်းဆောင်နိုင်စွမ်းမရှိဟုထင်ရ သူ (သို့) ထမ်းဆောင်ရန်မသင့်တော်ဟု ထင်ရသူများအကြောင်းကို သမ္မာကျမ်းစာထဲတွင် တွေ့ရသည်။ သို့သော် ဘုရားသခင်က သူတို့ကို အသုံးပြုလိုက်သည်သာ။ မောရှေသည် အကောင်းဆုံးပုံသက်သေဖြစ်သည်။ ဣသရေလအမျိုးသားများကို အဲဂုတ္တုပြည်မှခေါ်ထုတ်ရန် ဘုရားသခင် သူ့အား တာဝန်ပေးစဥ် (ထွ ၃:၁၁၊ ၄:၁) “(ကျွန်ုပ်သည်) နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သောသူဖြစ်ပါ၏”ဟုအကြောင်းပြကာကန့်ကွက်ခဲ့သည်။ ထာဝရဘုရားက “လူ၏နှုတ်ကို အဘယ်သူဖန်ဆင်းသနည်း။ စကားအသောသူ၊ နားပင်းသောသူ … တို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ငါ ထာဝရဘုရား ဖန်ဆင်းသည် မဟုတ်လော။ သို့ဖြစ်၍ ယခုသွားလော့။ သင်၏နှုတ်၌ငါရှိ၍ သင်သည် အဘယ်သို့ ပြောရမည်ကို သွန်သင်မည်ဟု မိန့်တော်မူ၏” (၄:၁၀-၁၂)။ မောရှေက ဆက်အတွန့်တက်နေသေးသောအခါ ဘုရားရှင်က သူ့ကိုယ်စားစကားပြောပေးရန် အာရုန်ကို စီစဥ်ပေးပြီး သူတို့အား ကူညီမည်ဖြစ်ကြောင်းကို အာမခံခဲ့သည် (:၁၃-၁၅)။

ဂျန်နှင့် မောရှေကဲ့သို့ပင် ကျွန်မတို့အားလုံးသည် အကြောင်းမဲ့ မွေးလာခြင်း မဟုတ်ပါ။ ကျွန်မတို့၏ဘဝခရီးလမ်းတစ်လျှောက် ဘုရားသခင်သည် ကရုဏာဖြင့် ကူညီစောင်မသည်။ ကျွန်မတို့အား ကူညီမည့်သူများကို ပို့ဆောင်ပေးပြီး ကျွန်မတို့ သူ့အတွက်အသက်ရှင်ရန် လိုအပ်သည်များကို ပေးပါသည်။