အီတလီကဗျာဆရာ F. T. Marinetti (အက်ဖ် တီ မာရီနက်တီ)သည် အတိတ်ကိုပစ်ပယ်သော၊ အလှအပဆိုင်ရာ အစဥ်အလာအမြင်များကို သရော်သော၊ စက် ယန္တရားများကို အမွှမ်းတင်သော အနုပညာလှုပ်ရှားမှုတစ်ခုဖြစ်သည့် အနာဂတ်ဝါဒကို ၂၀ ရာစုနှစ်အစောပိုင်းတွင် စတင်ခဲ့သည်။ ၁၉၀၉ ခုနှစ်တွင် မာရီနက်တီက သူ၏ ‘Manifesto of Futurism’ (အနာဂတ်ဝါဒကြေညာစာတမ်း)ကို ရေးခဲ့ပြီး ၄င်းတွင် သူသည် “အမျိုးသမီးများအား အထင်သေးခြင်း”ကို ဖော်ပြကာ “လက်သီးဖြင့် ထိုးနှက်ခြင်း”ကို ချီးကျူးပြောဆိုပြီး“ကျွန်ုပ်တို့က စစ်ကို အမွှမ်းတင်ချင်တယ်”ဟု အခိုင်အမာပြောဆိုခဲ့သည်။ “ကမ္ဘာကြီး၏အထွတ်အထိပ်၌ ရပ်နေလျက် ကျွန်ုပ်တို့ သည် ကြယ်တာရာများဆီသို့ ကျွန်ုပ်တို့၏မောက်မာသောစိန်ခေါ်မှုကို နောက်တစ်ဖန် ပစ်လွှတ်လိုက်သည်” ဟူသောစာကြောင်းဖြင့် ထိုစာတမ်းကို အဆုံးသတ်ခဲ့သည်။

မာရီနက်တီ၏ကြေညာစာတမ်း ထုတ်ဝေပြီး ၅ နှစ်အကြာတွင် ခေတ်သစ် စစ်ပွဲသည် အပြင်းအထန်စတင်ပါတော့သည်။ ပထမကမ္ဘာစစ်သည် ဂုဏ်အသရေ မရှိခဲ့ပါ။ မာရီနက်တီကိုယ်တိုင်လည်း ၁၉၄၄ တွင် ကွယ်လွန်ခဲ့သည်။ ကြယ်တာရာများမှာ နေရာမရွေ့ရှိနေပြီး မာရီနက်တီကို သတိပင်မပြုမိပါ။

ဒါဝိဒ်မင်းသည်လည်း ကြယ်တာရာများနှင့်ပတ်သက်၍ တစ်မူကွဲပြားသောအမြင်ဖြင့် ကဗျာစပ်ဆိုခဲ့သည်။ “လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏ မိုးကောင်းကင်၊ … လနှင့်ကြယ်များကို … အကျွန်ုပ်ဆင်ခြင်သော် လူသည် အဘယ်သို့ သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ … အကြည့်အရှုကြွ လာတော်မူရသနည်း” (ဆာ ၈:၃-၄) ဟုရေးသားခဲ့ပါသည်။ ဒါဝိဒ်၏ မေးခွန်းသည် ယုံကြည်ခြင်းမရှိ၍ မေးခြင်းမဟုတ်ဘဲ၊ အံ့သြစိတ်၊ နှိမ့်ချစိတ်ဖြင့် မေးခြင်းဖြစ်သည်။ အလွန်ကြီးမားကျယ်ပြန့်သော စကြဝဠာကြီးကို ဖန်ဆင်းသောဘုရားသည် ကျွန်ုပ်တို့ကို အမှန်ပင် အောက်မေ့တော်မူကြောင်း သူသိခဲ့သည်။ ကျွန်ုပ်တို့အကြောင်း အကောင်းအဆိုး၊ နှိမ့်ချမှု၊ မောက်မာမှု၊ ရူးမိုက်မှုတို့အပါအဝင် အသေးစိတ်အကြောင်းအရာတစ်ခုချင်းစီကို ဘုရားရှင်သည် သတိပြု သိရှိပါသည်။

ကြယ်တာရာများကို စိန်ခေါ်ခြင်းသည် အဓိပ္ပာယ်မရှိပါ။ စင်စစ် ဖန်ဆင်းရှင်အား ချီးမွမ်းထောပနာပြုရန် ၎င်းတို့က ကျွန်ုပ်တို့ကို စိန်ခေါ်နေပါသည်။