၁၉၆၄ ခုနှစ်၊ တစ်ညနေခင်းတွင် အမေရိကန်နိုင်ငံ၌ ပမာဏ ၉.၂ ပြင်းအားရှိသော ‘The Great Alaska’ (ကြီးမားသော အလက်စကား) ငလျင်ကြီး ၄မိနစ်ခန့်မျှ လှုပ်သွားခဲ့သည်။ အန်ကားရေ့ချ်မြို့ တစ်မြို့လုံးပျက်စီးသွားပြီး ကြီးမားသောချိုင့်ကြီးများနှင့် အုတ်ကျိုးအုတ်ပဲ့များသာ ကျန်သည်။ သတင်းတင်ဆက်သူ Genie Chance (ဂျီနီချန့်စ်)သည် သူမ၏မိုက်ခရိုဖုန်းဖြင့် စိုးရိမ်တကြီးနှင့်ရေဒီယိုနားထောင်နေကြသူများ ထံသို့ မှောင်မည်း၍ ထိတ်လန့်ဖွယ် ထိုညတစ်ညလုံး သတင်းစကားများ ပေးပို့နေခဲ့သည်။ ချုံပုတ်များကြားအလုပ်လုပ်နေသော ခင်ပွန်းသည်မှာ သူ့မိန်းမအသက်ရှင်နေသေးကြောင်း၊ စိတ်ခြောက်ခြားနေသော မိသားစုများသည် ကင်းထောက်လူငယ် စခန်းချခရီးထွက်နေသော သူတို့၏သားများ အဆင်ပြေလျက်ရှိကြောင်း၊ ဇနီးမောင်နှံနှစ်ဦးမှာလည်း သူတို့၏ကလေးများကိုရှာတွေ့ပြီဖြစ်ကြောင်း သတင်းများ ကြားခဲ့ရသည်။ တကျိကျိမြည်နေသော ရေဒီယိုသံသည် သတင်းကောင်းများ တစ်ခုပြီးတစ်ခုနှင့်ပြည့်နှက်လျက် အပျက်အစီးများကြားမှ ဝမ်းမြောက်ဖွယ်ရာ ဖြစ်ခဲ့ပါသည်။

၎င်းသည် “ထာဝရဘုရား၏ဝိညာဥ်တော်သည် … ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ၊ ငါ့ကိုဘိသိတ်ပေးတော်မူပြီ” (၆၁:၁) ဟူသော ပရောဖက်ဟေရှာယ၏စကားများကို ဣသရေလလူမျိုးများကြားသည့်အခါ ခံစားခဲ့ရသောခံစားချက်မျိုးဖြစ်ပေလိမ့်မည်။ ပျက်စီးသွားသောဘဝနှင့် စိတ်ပျက်ဖွယ်အနာဂတ်ကို ဆင်ခြင်နေစဥ် ပရောဖက်ကြီး၏ ပြတ်သားသောအသံသည် အရာအားလုံးဆုံးရှုံးသွားရပြီဟု ထင်နေချိန်တွင် သတင်းကောင်းကို ဆောင်ယူပေးခဲ့သည်။ ထာဝရဘုရား သည် “နှလုံးကြေကွဲသောသူတို့၏အနာကို စည်းစေခြင်းငှာလည်းကောင်း”၊ “ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်း”၊ “ရှေးပြိုပျက်ရာတို့ကိုပြုပြင်ကြ”ရန်နှင့် “ရှေးကာလ၌ သုတ်သင်ပယ်ရှင်းရာတို့ကို တည်ဆောက်ကြ”ရန် အကြံအစည်တော်ရှိပါသည် (:၁၊ ၄)။ လူများသည် သူတို့၏ကြောက်ရွံ့ထိတ်လန့်မှုများကြားမှ ဘုရားရှင်၏ခိုင်မာသောကတိတော် သတင်းကောင်းကို ကြားသိခဲ့သည်။

ယနေ့ သခင်ယေရှုမှတဆင့် ဘုရားသခင်၏သတင်းကောင်း ဧဝံဂေလိတရားကို ကျွန်ုပ်တို့ကြားသိရသည်။ ကျွန်ုပ်တို့၏ကြောက်ရွံ့မှု၊ နာကျင်မှုနှင့်ကျရှုံးမှုများအတွက် သတင်းကောင်းကို သခင်ဆောင်ယူလာပြီး ကျွန်ုပ်တို့၏သောကများမှာ ဝမ်းမြောက်ခြင်းသို့ ပြောင်းလဲသွားသည်။