စာရေးဆရာမ Marilyn McEntyre (မာရီလင် မက်အန်ထိုင်ရား)က “မနာလိုငြူစူခြင်း၏ဆန့်ကျင်ဘက်က ချီးမွမ်းခြင်းပဲ” ဟုမိတ်ဆွေတစ်ဦးထံမှသိရှိခဲ့ရသည်။ ထိုမိတ်ဆွေတွင် မိမိအရည်အချင်းများကို မျှော်လင့်ထားသလို တိုးတက်အောင် မလုပ်နိုင်သည့် ရုပ်ပိုင်းဆိုင်ရာမသန်စွမ်းမှုနှင့် နာတာရှည်ရောဂါရှိလျက်ပင် သူမသည် ဝမ်းမြောက်ခြင်းကို ထူးခြားစွာဖော်ပြနိုင်၍ အခြားသူများနှင့်အတူ ချီးမွမ်းနိုင်သည်။ သူမသည် မကွယ်လွန်မီ “တွေ့ကြုံခံစားရသမျှအတွက် ကျေးဇူးတင်ချီးမွမ်းခဲ့သည်”။
ဤ “မနာလိုငြူစူခြင်း၏ဆန့်ကျင်ဘက်က ချီးမွမ်းခြင်းပဲ” ဟူသောအမြင် သည် ကျွန်မစိတ်၌စွဲလျက်၊ ဤသို့ နှိုင်းယှဥ်မှုကင်းပြီး အခြားသူများအတွက် လေးနက်စစ်မှန်သောဝမ်းမြောက်ခြင်းဖြင့် အသက်ရှင်ကြသည့် ကျွန်မ၏ အသက်တာရှိ သူငယ်ချင်းများကို သတိရစေသည်။
မနာလိုခြင်းသည် အလွယ်တကူကျသွားနိုင်သော ထောင်ချောက်ဖြစ်သည်။ “ငါသာ ဒီလိုဖြစ်ရင်… ဟိုလိုဖြစ်ရင်… ရုန်းကန်နေရမှာမဟုတ်ဘူး၊ ဝမ်းနည်းနေရမှာ မဟုတ်ဘူး”ဟု မနာလိုမှုက တီးတိုးရေရွတ်ကာ ကျွန်မတို့၏အနက်ရှိုင်းဆုံးသော အားနည်းချက်များ၊ ဒဏ်ရာများနှင့် အကြောက်တရားများကို မှီပြီးရှင်သန်သည်။
ရှင်ပေတရုက ယုံကြည်သူသစ်များအား သတိပေးထားသကဲ့သို့ပင် မနာလိုခြင်းက ကျွန်ုပ်တို့အား ပြောသည့် အလိမ်အညာများကို ‘ပယ်ရှားရန်’ တစ်ခုတည်းသောနည်းမှာ သမ္မာတရား၌ နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး “သခင်ဘုရား၏ကျေးဇူးတော်ကို မြည်းစမ်းကြ”ရန် ဖြစ်သည် (၁ ပေ ၂:၁-၃)။ ကျွန်ုပ်တို့ပျော်ရွှင်မှု၏မျိုးစေ့အစစ်အမှန်သည် “အသက်ရှင်၍ အစဥ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်” ဖြစ်ကြောင်းကို သိရှိပါက ကျွန်ုပ်တို့သည် “စင်ကြယ်သောစိတ်နှင့် အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာ ရှိ” နိုင်ပါသည် (၁:၂၃)။
ကျွန်ုပ်တို့သည် အမှန်စင်စစ် “ရွေးချယ်တော်မူသောအမျိုး”၊ “ပိုင်ထိုက်တော်မူသောအပေါင်းအသင်း” ဖြစ်ကြောင်းကို အမှတ်ရပါက နှိုင်းယှဥ်မှုကို စွန့်လွှတ်လိုက်နိုင်ပါသည်။ ကျွန်ုပ်တို့သည် “မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့ခေါ်သွင်းတော်မူ”ခြင်းကို ခံရကြပါပြီ (၂:၉)။
မည်ကဲ့သို့သောနှိုင်းယှဥ်မှုမရှိသည့် ဝမ်းမြောက်ခြင်းပုံသက်သေက
သင့်ဘဝကို လွှမ်းမိုးမှုရှိခဲ့ပါသနည်း။ ခရစ်တော်၏ကိုယ်အင်္ဂါ၌
သင်၏နေရာရှိကြောင်းကို အမှတ်ရခြင်းသည် သင့်ကိုယ်သင်
အခြားသူများနှင့်နှိုင်းယှဥ်ရန် လိုအပ်မှုမှ သင့်အား
မည်ကဲ့သို့လွတ်မြောက်စေခဲ့ပါသနည်း။
ကောင်းသောအရာရှိသမျှ၏ အရင်းအမြစ်ဖြစ်တော်မူသော ချစ်နှစ်သက်ဖွယ် ဘုရားသခင်၊ ဝမ်းမြောက်ခြင်းကို ဖယ်ရှားရှင်းလင်း၍ “အရိုးဆွေးမြေ့ခြင်းအကြောင်း” ကိုဖြစ်စေသည့် မနာလိုခြင်း၏မုသာများကို စွန့်လွှတ်နိုင်ရန်မစမူပါ။ သခင့်နိုင်ငံတော်ရှိ မရေမတွက်နိုင်အောင်လှပသည့် အသက်ဆုကျေးဇူးများအတွက်ချီးမွမ်းနိုင်ရန်လည်း မစပါ။
သမ္မာကျမ်းစာ၌ အစားအသောက်များကို ဥပမာပေးသုံးနှုန်းခြင်းသည် ၎င်း၏တန်ဖိုးကို ဖော်ပြရန်ဖြစ်သည်။ ဖွားစသောသူငယ်သည် ဝိညာဥ်ရေးနို့ကို အလွန်တောင့်တသည့်စိတ်သဘောနှင့် ဆာလောင်မှုမျိုးကို အတုယူရန် ရှင်ပေတရုက ကျွန်ုပ်တို့ကို တိုက်တွန်းထားသည်။ “ကယ်တင်ခြင်းအလိုငှာ နှုတ်ကပတ်တရား၏နို့စစ်အားဖြင့် ကြီးပွားမည့်အကြောင်း ဘွားစသောသူငယ်ကဲ့သို့ ထိုတရားနို့ကို အလွန်လိုချင် သောစိတ်ရှိကြလော့” (
ရှင်ပေတရုသြဝါဒစာပထမစောင် ၂:၂-၃)။ ကျွန်ုပ်တို့ ကြီးထွားရင့်ကျက်လာသည်နှင့်အမျှ နို့သောက်သည့်အဆင့်မှ ‘ကြေခဲသောအစာ’ကို စားရပါမည် (
ကောရိန္သုသြဝါဒစာ ပထမစောင် ၃:၂)။ “စုံလင်သော အရွယ်ရှိသောသူတို့မူကား ကြေခဲသော အစာအာဟာရကို သုံးဆောင်ရကြ၏” (
ဟေဗြဲသြဝါဒစာ ၅:၁၄)။ သခင်ယေရှုကလည်း “လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်၊ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည်” (
ရှင်မဿဲခရစ်ဝင် ၄:၄)ဟု မိန့်တော်မူခဲ့သည်။ ယောဘသည် ဘုရားသခင်၏ နှုတ်တော်ထွက်စကားများကို သူ့အသက်မွေးသည့်အစာထက်ပင် တန်ဖိုးထားသည် (
ယောဘဝတ္ထု ၂၃:၁၂)။ ပရောဖက်ယေဇကျေလသည် သူ၏ဆာလောင်မှုကို ဖြည့်ဆည်းရန် ဘုရားသခင်၏နှုတ်ကပတ်တော်ကို စားသုံးပြီး “ငါသည်စား၍ ပါးစပ်၌ ပျားရည်ကဲ့သို့ချို၏” (
ယေဇကျေလအနာဂတ္တိကျမ်း ၃:၃)ဟု သက်သေခံခဲ့သည်။ “အကျွန်ုပ်တွေ့သော နှုတ်ကပတ်တော်စကားကို ခံယူပါပြီ။ နှုတ်ကပတ်တော်သည် အကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းစရာအကြောင်း ဖြစ်ပါ၏” (
ယေရမိအနာဂတ္တိကျမ်း ၁၅:၁၆) ဟုပြောသည့် ပရောဖက်ကြီးယေရမိ၏ စိတ်လှုပ်ရှားကျေနပ်မှုကို ကျွန်ုပ်တို့ အတုယူသင့်ပေသည်။
K. T. Sim