လေယာဉ်မှူးတစ်ဦးသည် သူ၏လက်ဖက်ရည်ခွက်ကို အံခွက်ထဲထည့်မရ၍ စက်ခလုတ်ခုံပေါ်၌ တင်ထားမိသည်။ ထို့နောက် လေယာဉ်မှာ လေပြင်းနှင့်ဝင်တိုးမိပြီး ထိန်းချုပ်ကိရိယာပေါ်သို့ လက်ဖက်ရည်မှောက်ကျ၍ အင်ဂျင်စက်တစ်လုံး ရပ်သွားသဖြင့် လေကြောင်းလမ်း ပြောင်းလိုက်ရကာ ဘေးကင်းစွာသက်ဆင်းနိုင်ခဲ့သည်။ နှစ်လအကြာတွင် အခြားလေကြောင်းလိုင်း၌လည်း အလားတူ ဖြစ်ပျက်သည့်အခါ ပြဿနာတစ်ခုခုရှိနေပြီဟု လေယာဉ်ထုတ်လုပ်သူများ သတိထားမိတော့သည်။ လေယာဉ်တစ်စီး၏ကုန်ကျစရိတ်မှာ ဒေါ်လာ (၃၀၀) မီလီယံဖြစ်သော်လည်း ခွက်ထည့်သည့်အံခွက်များက အလွန်သေးသည်။ ဤသို့ အသေးအမွှားလေးကို သတိမမူမိခြင်းသည် အလွန်ဆိုးရွားသည့် ကိစ္စရပ်များကိုဖြစ်စေသည်။

အသေးအဖွဲအရာလေးများသည် မဟာအကြံအစည်များကို ဖျက်ဆီးနိုင် သည်။ ထို့ကြောင့် ရှောလမုန်သီချင်းမှ အမျိုးသားသည် သူ၏ချစ်သူအား “စပျစ်နွယ်ပင်တို့ကို ဖျက်လတ္တံ့သော မြေခွေးများနှင့် မြေခွေးကလေးများကို ဖမ်း”ရန် တိုက်တွန်းခဲ့သည် (၂:၁၅)။ မြေခွေးများ နံရံကိုကျော်တက်ပြီး စပျစ်နွယ်များကို တူးထုတ်ကာ စပျစ်သီးများ ရှာဖွေသည်ကို သူမြင်ဖူးခဲ့သည်။ စပျစ်ခြံထဲ လှစ်ခနဲ ပြေးဝင်ပြီး ညအမှောင်ထဲ‌ ပျောက်ကွယ်သွားသဖြင့် သူတို့ကိုဖမ်းမိရန် ခက်သည်။ သို့သော် သူတို့ကို လျစ်လျူရှုလိုက်၍ မရပါ။

မည်သည့်အရာများက သင်၏ဆက်ဆံရေးများကို ခြိမ်းခြောက်နေသနည်း။ ထိုအရာများက ကြီးမားသည့်တိုက်ခိုက်မှုများ ဖြစ်ချင်မှဖြစ်မည်။ မြေခွေးလေးများဖြစ်သည့် သင်၏မေတ္တာအမြစ်ကို တူးထုတ်နေသည့် ဟိုတစ်စု ဒီတစ်စုမှတ်ချက်ဝေဖန်မှုများ ဖြစ်နိုင်သည်။ အရေးမကြီးသည့် ထိုးစစ်ငယ်လေးများ ထပ်ပေါင်းထည့်လိုက်ပါက တစ်ချိန်က ပွင့်လန်းခဲ့သည့် ဆက်ဆံရေး (သို့) ကြည်နူးခဲ့ရသည့်အိမ်ထောင်ရေးတို့မှာ ရပ်တန့်လုနီးပါး ဖြစ်သွားနိုင်သည်အထိ အန္တရာယ်ရှိသည်။

မြေခွေးလေးများကို ဖမ်းမိနိုင်ရန် ဘုရားသခင် ကူမတော်မူပါ။ ကိုယ်တော်သည် ကျွန်ုပ်တို့၏လိုအပ်မှုများကို မစဖြည့်ဆည်းပေးနေခြင်းကြောင့် မိမိလိုအပ်သောခွင့်လွှတ်ခြင်းကို ပေးရန်၊ မိမိကလည်း ခွင့်လွှတ်ပေးနိုင်ရန်၊ စာနာမှုဖြင့်ပြုသည့် သာမန်လုပ်ရပ်မြေဆီဖြင့် ကျွန်ုပ်တို့၏စပျစ်ခြံကို အားဖြည့်ပေးရန် တောင်းလျှောက်ကြပါစို့။