လူများစွာတို့ ဖြန့်ဝေခဲ့သည့် ဗီဒီယိုတစ်ခုတွင် ကျက်သရေရှိသော အဘွားအို တစ်ဦးသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ တစ်ချိန်ကကျော်ကြားခဲ့သော ဘဲလေးကချေသည် Marta González Saldaña (မာတာ ဂန်ဇားလေ့စ် ဆာဒါးညှာ)သည် ယခုတွင် မှတ်ဉာဏ်ချို့တဲ့သည့် အယ်လ်ဇိုင်းမားရောဂါကို ခံစားနေရသည်။ သို့သော် Tchaikovsky (ချိုင်းကော့စကီ)၏ ‘Swan Lake’ (ဘဲငန်းကန်) သီချင်းကို ဖွင့်ပြသည့်အခါ အံ့ဖွယ်အမှု ဖြစ်လာသည်။ သီချင်းအရှိန်မြင့်လာသည့်အခါ သူမ၏ချည့်နဲ့သောလက်များ တစ်ဖြည်းဖြည်းမြှောက်လာပြီး ပထမခရာမှုတ်သံ ကြားလိုက်သည့်အခါ ကုလားထိုင်ပေါ်၌ စတင်လှုပ်ရှား ကပါတော့သည်။ သူမ၏စိတ်နှင့်ရုပ်ခန္ဓာက ယိုယွင်းသော်လည်း သူ့စွမ်းရည်က ကျန်နေသေးသည်။

ထိုဗီဒီယိုကို မြင်လိုက်ရချိန်၌ ကောရိန္သုသြဝါဒစာပထမစောင် ၁၅ မှ ထမြောက်ခြင်းနှင့် ပတ်သက်ပြီး တမန်တော်ရှင်ပေါလု၏ သွန်သင်ချက်များသို့ ကျွန်ုပ်၏အတွေး ရောက်သွားသည်။ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို အပင်ပေါက်စေရန် မြေ၌စိုက်သည့်အစေ့နှင့်နှိုင်းပြီး၊ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာသည် အိုခြင်း၊ နာခြင်းကြောင့် အသရေမဲ့ပြီး ပျက်ယွင်းသွားနိုင်၊ အားနည်းသွားနိုင်သော်လည်း ယုံကြည်သူများ၏ခန္ဓာကိုယ်သည် မပုပ်ပျက်နိုင်သော ဘုန်းတန်ခိုးအသရေနှင့် ပြည့်စုံလျက် ထမြောက်လိမ့်မည် (:၄၂-၄၄)။ အစေ့နှင့်အပင်ကြား၌ ဇီဝဆက်နွယ်မှု ရှိသကဲ့သို့ ကျွန်ုပ်တို့ထမြောက်ပြီးနောက် ကျွန်ုပ်တို့သည် မိမိ၏ပင်ကိုယ်စရိုက်နှင့် စွမ်းရည်တို့ ယခင်အတိုင်းရှိနေသည့် ကျွန်ုပ်တို့ပင်ဖြစ်နေမည်။ သို့သော် တစ်ခါမှမဖြစ်ဖူးသော ရှင်သန်မှုမျိုးဖြင့် ပွင့်လန်းနေမည်ဖြစ်သည်။

‘Swan Lake’ အဆွေးတီးလုံးကို စတင်ဖွင့်သည့်အခါ မာတာသည် ပထမစိတ်ဓာတ်ကျဆင်းနေဟန် ရှိသည်။ တစ်ချိန်က သူမ‌အကြောင်းကို ပြန်တွေးမိပြီး ယခုတွင် ထိုကဲ့သို့ မလုပ်နိုင်ဟု စဉ်းစားမိဟန်တူသည်။ သို့သော် အမျိုးသားတစ်ဦးက သူမထံသွားပြီး သူမလက်ကို လှမ်းဆုပ်ကိုင်လိုက်သည်။ ကျွန်ုပ်တို့အတွက်လည်း ထိုကဲ့သို့ပင်ဖြစ်လိမ့်မည်။ “တံပိုးမှုတ်သောအခါ” (:၅၂) လက်ကမ်းခံရပြီး တစ်ခါမှမကဖူးသည့် အကကိုကရန် ကျွန်ုပ်တို့ ထလာမည်။