နိုင်ငံအတွင်း လာဘ်ပေးလာဘ်ယူပြီး စာရိတ္တပျက်စီးမှုကြောင့် ကိုးရီးယားဘုရင် Yeongjo (ရုန်ဂျို) (၁၆၉၄-၁၇၇၆)သည် ပြုပြင်ပြောင်းလဲမှုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး၊ ရွှေမျှင်ဖြင့် ချည်ထိုးပန်းထိုးသည့် ရိုးရာပညာရပ်ကို ပိတ်ပင်တားဆီးခဲ့သည်။ မကြာမီ မှာပင် အဆင့်ပေါင်းများစွာဖြင့် လက်ရာမြောက်စွာ လုပ်ဆောင်ရသည့်ပညာမှာ တိမ်မြှုပ် ပျောက်ကွယ်သွားပြီး အဖိုးတန်ပညာရပ်ကို ဆုံးရှုံးခဲ့ရသည်။

၂၀၁၁ ခုနှစ်တွင် ပရော်ဖက်ဆာ Sim Yeon-ok (စင်မ်ရော်န်အုပ်ခ်)က နှစ်ရှည် ပျောက်ဆုံးခဲ့သော ရိုးရာဓလေ့ကို ပြန်လည်ဖော်ထုတ်လိုသည်။ လုပ်နည်းကိုမှန်းဆ၍ အနီရင့်ရောင်စက္ကူပေါ်တွင် ရွှေချပ်လွှာပါးပါးကို ကပ်ကာ သေးသွယ်သော ရွှေချည်မျှင်ချောင်းများရအောင် ညှပ်ယူပြီး လုပ်ဆောင်မှုအဆင့်ဆင့်ကို ပြန်လည်ဖန်တီးဖော်ထုတ်ကာ ရှေးအနုပညာကို ပြန်လည်သက်ဝင်စေခဲ့သည်။

ထွက်မြောက်ရာကျမ်းတွင် အာရုန်၏ယဇ်ပုရောဟိတ်ဝတ်လုံကို ရွှေချည်ဖြင့်ချုပ်လုပ်ခြင်း အပါအဝင် ထူးကဲသော အတိုင်းအတာများဖြင့် တဲတော်ကို ဆောက်လုပ်ရန် ဖော်ပြထားသည်။ ကျွမ်းကျင်သောပညာသည်တို့သည် “ရွှေကို အပြားခတ်၍ ရွှေကြိုးကိုလှီးပြီးမှ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို ထူးဆန်းစွာ အပြောက်ထိုးလေ၏” (၃၉:၃)။ ထိုအလွန်လှပ၍ အနုစိတ်သော ကျွမ်းကျင်ပညာရပ်တို့ ဘာဖြစ်သွားသနည်း။ ထိုဝတ်လုံများကို ဝတ်၍မရတော့သည်အထိ ဆွေးမြေ့သွားပါသလား။ ၎င်းတို့ကို စစ်အတွင်း၌ လက်ရ ဥစ္စာအဖြစ် သိမ်းသွားပါသလား။ ၎င်းသည် အချည်းနှီးဖြစ်သွားပါသလား။ လုံးဝ မဟုတ်ပါ။ ဘုရားသခင်မှ ၎င်းတို့ကို ချုပ်လုပ်ရန် သီးသန့်အတိအကျ ညွှန်ကြား ထားခြင်းကြောင့် အားထုပ်လုပ်ဆောင်မှုတိုင်းကို သေချာစွာ လုပ်ဆောင်ခဲ့ကြသည်။

ဘုရားရှင်သည် ကျွန်ုပ်တို့တစ်ဦးချင်းစီကိုလည်း လုပ်ဆောင်စရာများ အသီးသီး ပေးအပ်ထားသည်။ ၎င်းသည် ကျွန်ုပ်တို့အချင်းချင်းကို အစေခံရင်း ကိုယ်တော်အား ပြန်လည်ပေးလှူရမည့် ရိုးရှင်းသည့် ကြင်နာမှုပြခြင်းအပြုအမူလည်း ဖြစ်နိုင် သည်။ မိမိ၏အစွမ်းအစဖြင့် အားစိုက်ထုတ်မှုများ အဆုံး၌ ဘာဖြစ်သွားမည်နည်းဟု စိုးရိမ်ရန်မလိုပါ (၁ ကော ၁၅:၅၈)။ အဘဘုရားအတွက်ပြုသော မည်သည့်အလုပ်မဆို ထာဝရ ရှည်လျားတည်မြဲသော ကြိုးမျှင်ဖြစ်လာပါသည်။