“ကယ်တင်ခြင်းကို တောင်းခံပါတယ်။ သခင်ယေရှုအကြောင်းသိချင်ပါတယ်။” အီးမေးလ်စာက တိုသော်လည်း အလျင်လိုနေသည်။ အံ့ဩဖွယ်တောင်းဆိုမှုပါ တကား။ သခင်ယေရှုကို မယုံကြည်လက်မခံရသေးသော စိတ်မပါသည့် မိတ်ဆွေများ၊ မိသားစုများနှင့် မတူဘဲ ထိုသူအား အထူးတလည် သိမ်းသွင်းစည်းရုံးရန်ပင် မလို။ ကျွန်မလုပ်ဆောင်ရမည်မှာ ဧဝံဂေလိဟောပြောခြင်းနှင့် စပ်လျဥ်း၍ မိမိ၏ သံသယများကို ဘေးဖယ်ပြီး၊ ထိုသူ၏တောင်းဆိုမှုအတွက် အဖြေဖြစ်မည့် အဓိကအချက်များ၊ ကျမ်းချက်များအပါအဝင် စိတ်ချရလောက်သည့် စာအုပ်စာပေများကို ရိုးသားစွာ ဝေငှရန်ဖြစ်သည်။ ထိုမှအစပြုကာ ယုံကြည်ခြင်းအားဖြင့် သူ၏ခရီးလမ်းကို ဘုရားသခင်လမ်းပြမည် ဖြစ်သည်။
ကန္တာရ၌ခရီးပြုရင်း ဟေရှာယအနာဂတ္တိကျမ်းကို အသံထွက်ဖတ်နေသော အဲသယောပိ ဘဏ္ဍာထိန်းအမတ်အား ထိုမျှရိုးရှင်းသော ဧဝံဂေလိတရားဝေမျှခြင်းကို ဖိလိပ္ပုဟောပြောသရုပ်ပြခဲ့သည်။ “ဖတ်သောအရာကို နားလည်ပါ၏လောဟု (သူ)မေးမြန်း”ရာ (တ ၈:၃၀)၊ “ထိုအမတ်ကလည်း သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့နားလည်နိုင်မည်နည်း ဟုဆို”ခဲ့သည် (တ ၈:၃၁)။ “ဖိလိပ္ပု အား မေးမြန်းလျှင်၊ ဖိလိပ္ပုသည် မိမိနှုတ်ကိုဖွင့်၍ ထိုကျမ်းချက်ကိုအစွဲပြုလျက် ယေရှု၏ အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ၏။” (:၃၅)။
ဖိလိပ္ပုပြသခဲ့သည့်အတိုင်း ရှိသည့်နေရာမှ အစပြုကာ ဧဝံဂေလိတရားကို ရိုးရှင်းစွာ ဟောကြားခြင်းသည် ခရစ်တော်အကြောင်းကိုမျှဝေရာ၌ ထိရောက်သော နည်းလမ်းဖြစ်နိုင်သည်။ ထိုမျှမက “ထိုသို့လမ်း၌သွားကြစဥ် ရေရှိရာသို့ရောက်၍ အမတ်ကလည်း၊ ဤအရပ်တွင် ရေရှိပါ၏။ အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှာ မည်သည့်အကြောင်း ဆီးတားပါသနည်းဟု ပြောဆို”ခဲ့သည် (:၃၆)။ ဖိလိပ္ပုသည် ထိုအမတ်ကို ဗတ္တိဇံပေးခဲ့ပြီး အမတ်သည် “ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိသွားရသောလမ်းကို သွားလေ၏” (:၃၉)။ ထိုအီးမေးလ်ပေးပို့သူသည် သူအပြစ်မှနောင်တရကာ သခင်ယေရှုခရစ်ကို ယုံကြည်လက်ခံခဲ့ပြီး အသင်းတော်တစ်ခုတွင် ပါဝင်ခဲ့သည်။ သူသည် ဒုတိယမွေးခြင်းကို ခံယူပြီဟု သူယုံကြည်ကြောင်းပြန်စာကို ရရှိသောအခါ ကျွန်မဝမ်းမြောက်ခဲ့သည်။ မည်မျှလှပသော အစပြုမှုဖြစ်ပါသနည်း။ ယခုတွင် ဘုရားသခင် သူ့အား သာ၍မြင့်ရာသို့ ပို့ဆောင်ပါစေ။