ခက်ခဲပင်ပန်းသည့် အပြည်ပြည်ဆိုင်ရာ တောလမ်းခရီးကြမ်းအပြေးပြိုင်ပွဲတွင် ကင်ညာနိုင်ငံသားအပြေးသမား Abel Mutai (အေဘဲလ်မူတိုင်)သည် ရှေ့ဆုံးမှဦးဆောင်နေပြီး အောင်နိုင်သူဖြစ်ရန် ကိုက်အနည်းငယ်သာလိုတော့သည်။ ပြေးလမ်းကြောင်း၏သင်္ကေတကို အကြည့်မှား၍ ပြိုင်ပွဲပန်းဝင်သည့်မျဉ်းကို သူဖြတ်ကျော်ပြီးဟုထင်ကာ အပြေးရပ်လိုက်သည်။ သူ့နောက် ဒုတိယနေရာမှလိုက်လာသော စပိန်နိုင်ငံသား Ivan Fernandez Anaya (အိုင်ဗင်ဖါနန်ဒတ်စ်အနယာ)သည် မူတိုင်၏အမှားကို တွေ့လိုက်သည်။ သူ့အတွက် ဗိုလ်စွဲရန် အခွင့်ကောင်းဖြစ်သော်လည်း သူသည် မူတိုင်ကိုလက်ကမ်းကာ ရွှေတံဆိပ်ရမည့်ပန်းတိုင်သို့ ညွှန်ပြပို့ဆောင်ပေးလိုက်သည်။ သတင်းထောက်များက အဘယ်ကြောင့် တမင်အရှုံးပေးလိုက်သနည်းဟု မေးသောအခါ အနယာ က မူတိုင်သာလျှင် အောင်နိုင်သူဖြစ်ထိုက်ကြောင်း၊ “ကျွန်တော်ရရှိမဲ့အောင်မြင်မှုက ဘယ်လောက်မွန်မြတ်လဲ၊ အဲဒီဆုတံဆိပ်က ဘယ်လောက်သိက္ခာရှိသလဲ၊ ကျွန်တော့်အမေက ဘယ်လိုထင်ကြေးပေးမလဲ” ဟုပြန်လည်ဖြေကြားသည်။ “အနယာ သည် အောင်မြင်မှုထက် ရိုးသားဖြောင့်မတ်မှုကို ရွေးချယ်ခဲ့သည်”ဟု သတင်းထောက်တစ်ဦးက မှတ်ချက်ပေးခဲ့သည်။

သုတ္တံကျမ်းတွင် ဂုဏ်သိက္ခာရှိစွာနှင့် စစ်မှန်သောအသက်တာ၊ သစ္စာရှိသောအသက်တာဖြင့် အသက်ရှင်လိုပါက မလျော်ကန်သောနည်းလမ်းထက် ဖြောင့်မတ်မှန်ကန်မှု၌အခြေပြုသော ရွေးချယ်မှုကိုပြုရမည်ဟုဆိုသည်။ “ဖြောင့်သောသဘော သည် ဖြောင့်မတ်သောသူတို့ကို ပဲ့ပြင်တတ်၏” (၁၁:၃)။ ဂုဏ်သမာဓိနှင့် အသက်ရှင်ရန် ခံဝန်ကတိပြုခြင်းသည် ဘဝရှင်သန်ရန်အတွက် မှန်သောနည်းလမ်း မျှသာမဟုတ်ဘဲ ပိုမိုကောင်းမွန်သော အသက်တာကိုလည်း ပေးကမ်းနေသည်။ သို့သော် “ကောက်သောသဘောမူကား လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏” (:၃)။ ရေရှည်တွင် သစ္စာမဲ့ခြင်းသည် မည်သည့်အကျိုးကိုမျှ ရရှိနိုင်မည်မဟုတ်ပါ။

မိမိ၏ဂုဏ်သမာဓိကို စွန့်လွှတ်ပါက ရေတို“အောင်မြင်မှု”သည် အမှန်စင်စစ် ဆုံးရှုံးမှုများသာဖြစ်သည်။ သို့ရာတွင် မဖောက်ပြန်သောသစ္စာတရားနှင့် အမှန်တရားက ဘုရားသခင်၏တန်ခိုးအားဖြင့် ကျွန်ုပ်တို့ကို ပုံသွင်းသောအခါ ကျွန်ုပ်တို့ သည် အကျင့်စာရိတ္တကောင်းတို့ နက်နဲခိုင်မာသည့် စစ်မှန်သောအသက်တာကို ရှင်သန်သူ တဖြည်းဖြည်းချင်း ဖြစ်လာပါလိမ့်မည်။