Abraham Lincoln (အာဗြံဟံလင်ကွန်း)သည် အမေရိကန်ပြည်ထောင်စု၏ သမ္မတဖြစ်လာသည့်အခါ ပြိုကွဲနေသောနိုင်ငံအား ခက်ခက်ခဲခဲတာဝန်ယူဦးဆောင် ခဲ့ရသည်။ လင်ကွန်းအား အမြော်အမြင်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန် သော ခေါင်းဆောင်အဖြစ် သိမြင်ကြသော်လည်း အခြားအရာများထက် အဓိကကျသည်ဟု ပြော၍ရသည့် အရည်အချင်းတစ်ရပ်ရှိသည်။ သူ့အား ပေးအပ်သောတာဝန်ကို အကောင်အထည်ဖော်ရန် သူသည် အရည်အချင်းပြည့်ဝသူ မဟုတ်ကြောင်း သူ့ကိုယ်သူသိသည်။ သူ၏မပြည့်စုံမှုအပေါ် သူမည်သို့တုံ့ပြန်သနည်း။ “ဘယ်လိုမှမတတ်နိုင်ဘဲ ဘယ်သွားရမှန်းမသိတဲ့အဆုံး အကြိမ်ပေါင်းများစွာ ဒူးထောက်ခဲ့ရတယ်။ အဲဒီနေ့အတွက် ကျွန်တော့်မှာရှိတဲ့ ဉာဏ်ရည်နဲ့ လုပ်ဆောင်နိုင်စွမ်းဟာ ပြည့်စုံလုံလောက်မှုမရှိတော့သလို ခံစားခဲ့ရတယ်”ဟု လင်ကွန်းက ထုတ်ဖော်ပြောခဲ့သည်။
မိမိ၏စွမ်းအား၊ အသိပညာနှင့် လုပ်ဆောင်နိုင်စွမ်းခွန်အားက အကန့်အသတ် ရှိပေရာ၊ ကြီးမားကြပ်တည်းသော ဘဝစိန်ခေါ်မှုများ၏ဖိစီးမှုကို ရင်ဆိုင်ရသည့်အခါ လင်ကွန်းကဲ့သို့ပင် အကန့်အသတ်မရှိ၊ အရာရာကိုတတ်စွမ်းနိုင်သည့် သခင်ယေရှု၌ ခိုလှုံအားကိုးရမည်ဖြစ်သည်။ “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့” (၁ ပေ ၅:၇)ဟု ကျွန်ုပ်တို့အမှီပြုရမည့်အရာကို ရှင်ပေတရု နှိုးဆော်သတိပေးခဲ့သည်။
သားသမီးကိုချစ်သော ဘုရားသခင်၏မေတ္တာတော်နှင့် စုံလင်သောတန်ခိုးတော်တို့ ပေါင်းစပ်လိုက်သောအခါ ကိုယ်တော်သည် ကျွန်ုပ်တို့၏အားနည်းမှု၊ မတတ်စွမ်းနိုင်မှုများအတွက် ချဉ်းကပ်ရန် အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်ပြီး၊ ၎င်းသည်ဆုတောင်းခြင်း၏အနှစ်သာရပေတည်း။ မိမိ၌လုံလောက်သောအစွမ်းမရှိ၊ သခင်မူကား ထာဝရအစွမ်းသတ္တိနှင့်ပြည့်စုံကြောင်းကို မိမိဝန်ခံလျက်၊ သခင်ယေရှုထံတော်သို့ ကျွန်ုပ်တို့တိုးဝင်ချဥ်းကပ်ကြသည်။ လင်ကွန်းက “ဘယ်သွားလို့ဘယ်လာရမှန်းမသိ”ဟု ခံစားရကြောင်းဆိုသည်။ သို့သော် ကိုယ်တော်၏ကြီးမားသောဂရုစိုက်မှုကို နားလည်လာသည့်အခါ ကိုယ်တော်ထံသို့ ကျွန်ုပ်တို့ချဉ်းကပ်တိုးဝင်နိုင်ခြင်းက အံ့ဖွယ်သတင်းကောင်းပင်ဖြစ်သည်။