အလုပ်ခွင်၌ အာဏာလုမှုကြောင့် လျှို့ဝှက်ကြံစည်ခြင်းပယောဂများနှင့် လပေါင်းများစွာ ကျွန်မရင်ဆိုင်ခဲ့ရသည်။ စိတ်ပူပန်ခြင်းသည် ကျွန်မ၏ဒုတိယအကျင့်ဖြစ်သောကြောင့် ကျွန်မ၌ငြိမ်သက်ခြင်းရှိနေခြင်းက အံ့သြစရာဖြစ်သည်။ စိတ်ပူပန်ခြင်းထက် အေးချမ်းတည်ငြိမ်သောစိတ်ဖြင့် တုံ့ပြန်လုပ်ဆောင်နိုင်ခဲ့သည်။ ထိုငြိမ်သက်ခြင်းသည် ဘုရားသခင်တစ်ပါးတည်းထံမှသာ လာသည်ကို ကျွန်မသိသည်။

၎င်းနှင့်ဆန့်ကျင်ဘက်မှာ ကျွန်မဘဝတွင် အရာရာအဆင်ပြေနေသော်လည်း စိတ်မငြိမ်မသက်ဖြစ်ရသည့်အချိန် ရှိခဲ့ဖူးသည်။ ဘုရားသခင်ကို ကိုးစားပြီး ကိုယ်တော်၏ဦးဆောင်မှုအပေါ် ယုံကြည်စိတ်ချရမည့်အစား မိမိ၏လုပ်ဆောင်နိုင်စွမ်းကို ကိုးစားခြင်းကြောင့် ကျွန်မထိုသို့ခံစားရခြင်းဖြစ်ကြောင်း ကျွန်မသိသည်။ ပြန်ပြောင်းဆင်ခြင်သော် စစ်မှန်သောငြိမ်သက်ခြင်းဖြစ်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် မိမိကြံုတွေ့ရသည့်အခြေအနေပေါ် မူမတည်ဘဲ ကိုယ်တော်အား မှီခိုကိုးစားမှုဖြင့်သာရရှိနိုင်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုရပါမည်။

မိမိ၏စိတ်နှလုံး တည်ကြည်သောအခါ ဘုရားသခင်၏ငြိမ်သက်ခြင်းကို ခံစားရမည်(ဟေရှာ ၂၆:၃)။ ဟေဗြဲဘာသာအရ ‘တည်ငြိမ်ခြင်း’ ဟူသည့် စကားလုံး၏အဓိပ္ပာယ်မှာ “မှီခိုခြင်း” ဖြစ်သည်။ ကိုယ်တော်၌မှီခိုလျှင် သူ၏ ငြိမ်သက်သောတည်ရှိမှုကို ကျွန်မတို့ခံစားရမည်ဖြစ်သည်။ ဘုရားသခင်သည် ထောင်လွှားဆိုးညစ်သူတို့ကို နှိမ့်ချပြီး သူ့အား ချစ်သောသူအပေါင်းတို့၏ လမ်းခရီးကို ချောမွေ့စေတော်မူကြောင်းကို သိမှတ်လျက် (:၅-၇) ကိုယ်တော်အား ကျွန်မတို့ ကိုးစားနိုင်ပါသည်။

အေးဆေးသည့်အချိန်ထက် အခက်အခဲကြုံတွေ့ရချိန်တွင် ငြိမ်သက်ခြင်းကို ခံစားရသည့်အခါ ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ပြဿနာများ ပြေပျောက်သွားခြင်း မဟုတ်ပဲ စိတ်နှလုံးကျိုးပဲ့ကြေမွနေသည့်ကြားမှ နက်နဲသောလုံခြုံစိတ်ချရမှုကို ခံစားရခြင်းပင်ဖြစ်ကြောင်း ကျွန်မနားလည်ခဲ့ရသည်။ ထိုငြိမ်သက်ခြင်းသည် လူသားတို့၏ နားလည်နိုင်စွမ်းထက်သာလွန်ပြီး ခက်ခဲဆိုးဝါးဆုံးသော အခြေအနေ တွင် ကျွန်မ တို့၏စိတ်နှလုံးသားကို စောင်မပေသည် (ဖိ ၄:၆-၇)။