ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကျွန်မ၏ခင်ပွန်းကိုလည်း အခြားဝန်ထမ်းများနည်းတူ အလုပ်မှ အချိန်ကာလတစ်ခုအထိ လစာမဲ့ ခွင့်ပေးတော့မည်ဟု သိရသောအခါ ကျွန်မအခက်ကြုံတော့သည်။ အခြေခံလိုအပ်ချက်များကို ဘုရားသခင် ဖြည့်ဆည်းပေးမည်ကို ယုံကြည်သော်လည်း ကိုယ်တော်မည်သို့ မစမည်နည်းဟု မသေချာမှုက စိုးကြောက်စရာဖြစ်ခဲ့သည်။

ရှုပ်ထွေးနေသော ကျွန်မ၏စိတ်ခံစားမှုကို ပြန်သုံးသပ်ရင်း (၁၆) ရာစုနှစ်ကပြုပြင်ပြောင်းလဲရေးသမား John of the Cross (ကားတိုင်၏ဂျွန်) ရေးသားခဲ့သည့် ကဗျာတစ်ပုဒ်ကို ပြန်လည်သတိရမိသည်။ ‘I Went In, I Knew Not Where’ (ကျွန်ုပ်တိုးဝင်ခဲ့လည်း ဘယ်နေရာမှန်းမသိခဲ့) ဟူသည့်ကဗျာလေးက “မိမိ၏သိနားလည်မှုဘောင် အလွန်”၊ လက်မြှောက်အရှုံးပေးရသည့် ဘဝခရီး၌ တွေ့ရသည့် “ရုပ်ဖျက်ယောင်ဆောင်ရောက်လာသော ဘုရားသခင်၏မစမှု”ကို ပိုမိုသိနားလည်ရသည့် အံ့သြဖွယ်ရာအကြောင်းကို ဖွဲ့ဆိုထားခြင်းဖြစ်သည်။ သို့နှင့် ကျွန်မတို့ဇနီးမောင်နှံသည် ဤအချိန်တွင် မိမိထိန်းနိုင် နားလည်နိုင်သည့်အရာမှသည် ကျွန်မတို့ပတ်လည်၌ ဘုရားသခင်ကိုတွေ့နိုင်မည့် မျှော်လင့်မထားသော၊ အံ့သြဆန်းကြယ်သော၊ လှပသောနည်းလမ်းများကိုသာ အာရုံစိုက်ကြတော့သည်။

တမန်တော်ကြီးရှင်ပေါလုက ထင်ရှားသည့်အရာထက် မထင်ရှားသည့်အရာ၊ အပြင်ပန်းအရာထက် အတွင်းသဏ္ဌာန်အမှန်၊ ခဏတာရုန်းကန်ရမှုထက် ထာဝရဘုန်းတော်ထင်ရှားစေမည့်အရာကို (၂ ကော ၄:၁၇-၁၈) ညွှန်ပြပြီး ထိုအသက်တာ လမ်းခရီးကို လျှောက်လှမ်းရန် ယုံကြည်သူများအား ဖိတ်ခေါ်ခဲ့သည်။

သူတို့၏ရုန်းကန်ရမှုအပေါ် ကြင်နာစာနာမှု မရှိသောကြောင့် ရှင်ပေါလုက ထိုသို့တိုက်တွန်းခြင်းမဟုတ်ပါ။ ၎င်းတို့နားလည်နိုင်သည့်အရာကို သူတို့လက်လွတ်လိုက်ခြင်းဖြင့်သာ သူတို့မဖြစ်မနေလိုအပ်သည့် နှစ်သိမ့်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့်မျှော်လင့်ခြင်းကို သူတို့ရရှိခံစားနိုင်မည်ဖြစ်သည် (:၁၀၊ ၁၅-၁၆)။ ခရစ်တော်၏ အသက်က အရာခပ်သိမ်းကို အသစ်ပြုပြင်ပြောင်းလဲပေးသည့် အံ့သြဖွယ်အမှုကို သူတို့သိမြင်နိုင်ကြလိမ့်မည်။