အဝတ်အစားပေါ်သို့ ဆော့စ်အချဉ်ရည်၊ မုန်ညင်းအရည်၊ ဖျော်ရည်တစ်ခုခု ဖိတ်ကျပါက သူ့အလိုလို ပြန်လည်သန့်စင်အောင်လုပ်နိုင်စွမ်း ရှိပါသလား။ တရုတ်ပြည်မှ အင်ဂျင်နီယာများက “ချည်ထည်ပေါ်တွင် အထူးဖော်စပ်ထားသော ဆေးခပ်ပါးပါး တစ်လွှာအုပ်ပြီး ခရမ်းလွန်ရောင်ခြည်ပြလိုက်ပါက အစွန်းအထင်းများ သူ့အလိုလို ပျောက်သွားသည့် နည်းပညာ”ကို တီထွင်နိုင်ပြီးဖြစ်ကြောင်း ဘီဘီစီသတင်းအရ သိရှိရသည်။ ထိုကဲ့သို့ သူ့အလိုလိုအစွန်းချွတ်နိုင်သော အဝတ်အထည်ဟု တွေးမိစဥ် မည်သည့် လက်တွေ့အသုံးချရန် သင်ခန်းစာကို မြင်မိပါသနည်း။
အလိုအလျောက် အစွန်းချွတ်နိုင်သည့်ဆေးအလွှာသည် အဝတ်အထည်မှ အစွန်းအထင်းကို ဖယ်ရှားကောင်းဖယ်ရှားနိုင်မည် ဖြစ်သော်လည်း စွန်းထင်းနေသော ကျွန်ုပ်တို့၏စိတ်ဝိညာဉ်ကို ဘုရားသခင် တစ်ပါးတည်းသာ ပြုပြင်နိုင်သည်။ ရှေးခေတ်ယုဒပြည်တွင် ဘုရားသခင်ကို “ကျောခိုင်း”ပြီး အကျင့်ယိုယွင်းလျက် မကောင်းမှုပြုကာ မှားယွင်းသောဘုရားများကို ကိုးကွယ်သည့် သူ၏လူမျိုးတော် တို့ကို ဘုရားရှင် အမျက်ထွက်တော်မူသည် (ဟေရှာ ၁:၂-၄)။ ပိုဆိုးသည်မှာ ထိုသူတို့သည် နံ့သာပေါင်းနှင့် ပူဇော်သက္ကာများကို ပူဇော်ခြင်း၊ အကြိမ်ပေါင်းများစွာ ပတ္ထနာရွတ်ဆိုခြင်း၊ နေ့ကြီးရက်ကြီးများတွင် ပရိသတ်စည်းဝေးခြင်းများပြုကာ သူတို့ကိုယ်ကို သန့်ရှင်းစင်ကြယ်စေရေး လုပ်ဆောင်ကြသည်။ သို့သော် သူတို့၌ သူတော်ကောင်း ယောင်ဆောင်သော၊ အပြစ်လွှမ်းသောစိတ်များ ရှိနေဆဲဖြစ်သည် (:၁၂-၁၃)။ ထိုအရာများကို ကုစားရန် နောင်တနှလုံးသားနှင့် အသိတရားရပြီး စိတ်နှလုံး၏အစွန်းအထင်းများကို သန့်ရှင်းသော၊ ချစ်တော်မူသောဘုရားသခင်ထံ ယူဆောင်လာရန်ဖြစ်သည်။ ထိုအစွန်းအထင်းများကို ဘုရားသခင်၏ကျေးဇူးတော်က သန့်ရှင်းစေပြီး ဝိညာဉ်ရေး၌ “မိုးပွင့်ကဲ့သို့ဖြူ”စေမည် (:၁၈) ဖြစ်သည်။
အပြစ်ပြုမိလျှင် မိမိအလိုအလျောက်သန့်စင်၍ မရပါ။ နှိမ့်ချသောနောင်တစိတ်ဖြင့် မိမိအပြစ်များကို သိရှိဝန်ခံလျက် ဘုရားရှင်၏သန့်ရှင်းခြင်း အလင်းဖြင့် သန့်စင်စေရမည်။ ဒုစရိုက်ကို ကျောခိုင်းလျက် ကိုယ်တော့်ထံသို့ လှည့်ပြန်ရမည်။ စိတ်နှလုံးအစွန်းအထင်းများကို သန့်စင်စေနိုင်သူ ဘုရားရှင်တစ်ပါးတည်းသာလျှင် အကြွင်းမဲ့ ခွင့်လွှတ်ခြင်းနှင့် အသစ်သောမိတ်သဟာယကို ပေးတော်မူမည်။