အသက် (၈၂) နှစ်အရွယ် မုဆိုးမ Ludmilla (လုဒ်မီလာ)က “ကျွန်မအိမ်သည်ခရစ်တော်၏နိုင်ငံတော် တိုးချဲ့ဆောင်” ဟုဆိုပြီး ချက်သမ္မတနိုင်ငံတွင်ရှိသောသူမ၏နေအိမ်ကို “ကောင်းကင်နိုင်ငံတော်၏သံရုံး” ဟု ကြေညာခဲ့သည်။ တစ်စိမ်းတစ်ရံဖြစ်စေ၊ မိတ်ဆွေဖြစ်စေ ထိခိုက်နာကျင်ပြီး အကူအညီလိုအပ်သူများကို ချစ်မေတ္တာဖြင့် ပျူငှာစွာ ကြိုဆိုလက်ခံပြုစုသည်။ ရံဖန်ရံခါ အစားအစာနှင့် အိပ်စက်နားနေရန် နေရာထိုင်ခင်းပါပေးသည်။ ဧည့်သည်အာဂန္တုများကို ဂရုစိုက်နိုင်အောင်မစရန် သန့်ရှင်းသောဝိညာဉ်တော်၏ စေ့ဆော်မှုကို အမှီပြုလျက် ထိုသူတို့၏ဆုတောင်းချက်များကို ဘုရားသခင်အဖြေပေးပုံ နည်းလမ်းများအတွက် သူမပီတိ ဖြစ်မိသည်။

အိမ်နှင့်နှလုံးသားကိုဖွင့်ပြီး သခင်ယေရှုအား လုဒ်မီလာ၏ဧည့်ဝတ်ပြုပုံနှင့် ဥပုသ်နေ့တွင် သခင်ယေရှုဝင်၍စားသောက်သော ထင်ရှားသည့် ဘာသာရေးခေါင်းဆောင်တစ်ဦး၏ ဧည့်ဝတ်ပြုပုံချင်း ကွာခြားမှုရှိသည်။ မိမိအား ပြန်လည်ကျေးဇူးဆပ်မည့်သူကို မဟုတ်ဘဲ၊ “ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူနှင့် မျက်စိကန်းသောသူများကို” ဖိတ်ခေါ်ကျွေးမွေးသင့်ကြောင်း သခင်ယေရှုက ပညတ်တရားကိုသွန်သင်သူ ကျမ်းတတ်ဖာရိရှဲအား မိန့်ကြားခဲ့သည် (လု ၁၄:၁၃)။ ထိုဖာရိရှဲက ထောင်လွှားစိတ်နှင့် သူ့အား ဖိတ်ခေါ်ခြင်းကို ရည်ညွန်း၍ သခင်က သွယ်ဝှိုက်ဖော်ပြခြင်းဖြစ်ပြီး (:၁၂)၊ နှစ်ပေါင်းများစွာကျော်လွန်ပြီးနောက် ယခုတွင် လုဒ်မီလာသည် “ဘုရားရှင်၏ ချစ်ခြင်းနှင့်ပညာတော်၏ တန်ဆာပလာ” အဖြစ် အသုံးခံနိုင်ရေး သူမနေအိမ်သို့ အများသူငှာတို့ကို ဖိတ်ခေါ်ခဲ့သည်။

စိတ်နှလုံးနှိမ့်ချပြီး သူတစ်ပါးအား အစေခံခြင်းသည် လုဒ်မီလာပြောသကဲ့သို့ ကျွန်ုပ်တို့အား “ကောင်းကင်နိုင်ငံတော်၏ ကိုယ်စားလှယ်များ” ဖြစ်စေနိုင်ပါသည်။ တစ်စိမ်းတစ်ရံများအား အိပ်ယာထိုင်ခင်းပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ နည်းလမ်းမျိုးစုံဖြင့်၊ ဆန်းသစ်သောအခြားနည်းလမ်းများဖြင့် မိမိလိုအင်ထက် အခြားသူများ၏ လိုအပ်မှုအတွက်ကို ပိုဦးစားပေး လုပ်ဆောင်နိုင်ပါသည်။ ကမ္ဘာပေါ်ရှိ ကျွန်ုပ်တို့နေထိုင်သည့်အရပ်၌ ဘုရားသခင်၏နိုင်ငံတော်ကို ယနေ့ ကျွန်ုပ်တို့မည်ကဲ့သို့ တိုးချဲ့လုပ်ဆောင်သွားကြမည်နည်း။