ယနေ့ တနင်္ဂနွေသည် သံလွင်ခက်တနင်္ဂနွေဟု ကျွန်ုပ်တို့ ယခုခေါ်ဆိုသောနေ့ဖြစ်သည်။ ထိုနေ့က သခင်ယေရှု ယေရုရှလင်မြို့သို့ ပထမဆုံးလာရောက်ခြင်း မဟုတ်သည်ကို သံသယဖြစ်စရာ မရှိပါ။ ဘာသာရေးကိုင်းရှိုင်းသော ဂျူးလူမျိုးတစ်ဦးအနေနှင့်၊ ကြီးမြတ်သောပွဲတော် သုံးပွဲအတွက် နှစ်စဉ် ထို မြို့သို့ သွားခဲ့လိမ့်မည်(လု ၂:၄၁-၄၂၊ ယော ၂:၁၃၊ ၅:၁)။ လွန်ခဲ့သည့် (၃)နှစ်က ခရစ်တော်သည် ယေရုရှလင်မြို့၌ အမှုဆောင်ပြီး ဆုံးမသြဝါဒပေးခဲ့သည်။ သို့သော် ဤတနင်္ဂနွေတွင် မြို့ထဲသို့ သခင်ကြွလာပုံက တစ်မူထူးခြားသည်။

ယေရုရှလင်မြို့သို့ ဝတ်ပြုသူထောင်ပေါင်းများစွာ ရောက်ရှိနေချိန်တွင် မြည်းကလေးတစ်ကောင်ကိုစီး၍ ဝင်လာခြင်းက အများအာရုံစူးစိုက်စရာ ဖြစ်ခဲ့သည် (မ ၂၁:၉-၁၁)။ လွန်ခဲ့သည့်သုံးနှစ်တာကာလအတွင်း သခင်သည် တမင် မထင်မရှားနေခဲ့ပြီး ယခု ထောင်ပေါင်းများစွာသောလူများရှေ့တွင်မှ အဘယ်ကြောင့် ထင်ပေါ်မှုကို ရွေးခဲ့သနည်း။ သူမသေဆုံးမီ (၅) ရက် အလိုတွင် သူသည် ဘုရင်ဖြစ်ကြောင်း လူအများ၏ကြွေးကြော်ချက်ကို အဘယ်ကြောင့် သခင်လက်ခံရသနည်း။

“တရားသဖြင့်စီရင်၍ ကယ်တင်ခြင်းသို့ရောက်သော” (ဇာ ၉:၉၊ က ၄၉:၁၀-၁၁) ဘုရားသခင်ရွေးချယ်သော ဘုရင်သည် ယေရုရှလင်မြို့သို့ “မြည်းကလေးကိုစီး၍ နူးညံ့သိမ်မွေ့သောစိတ်နှင့်” ဝင်လာမည်ဟု (မ ၂၁:၄-၅) နှစ်ပေါင်း (၅၀၀) သက်တမ်းရှိသည့် ပရောဖက်ပြုချက် ပြည့်စုံစေရန်ဖြစ်သည်ဟု ရှင်မဿဲက ဆိုသည်။

ဤသည်မှာ အောင်ပွဲခံဘုရင်တစ်ပါးအနေဖြင့် မြို့တော်သို့ဝင်ရောက်သည့် သာမန်မဟုတ်သည့် နည်းလမ်းဖြစ်သည်။ စစ်နိုင်သောဘုရင်များသည် သာမန်အားဖြင့် ခွန်အားကြီးသောမြင်းကို စီး၍လာလေ့ရှိသည်။ သို့သော် သခင်ယေရှုသည် စစ်မြင်းစီး၍ ဝင်မလာပါ။ ၎င်းက သခင်ယေရှုသည် မည်သို့သောဘုရင်ဖြစ်သည်ကို ဖော်ပြသည်။ အနွံတာခံခြင်းနှင့် နှိမ့်ချခြင်းတို့ဖြင့် ကြွလာတော်မူ၏။ သခင်ယေရှုသည် စစ်တိုက်ရန်မဟုတ်၊ ဘုရားသခင်နှင့်ကျွန်ုပ်တို့စပ်ကြား ရန်ငြိမ်းမှုကို ဖော်ဆောင်ပေးသော ငြိမ်းချမ်းရေးအတွက် ကြွလာတော်မူသည် (တ ၁၀:၃၆၊ ကော ၁:၂၀)။