ငယ်ငယ်ရွယ်ရွယ်နှင့်ဆုံးသွားသည့် သူငယ်ချင်း၏စျာပန၌ လူတစ်ဦးက “သူဒီလို မဖြစ်သင့်လို့ ကျွန်တော်မဖြစ်စေချင်ဘူး” ဟုမြည်တမ်း၍ အမွှန်းတင်စကားပြောခဲ့သည်။ သူ့စကားက အသက်အရွယ်မရွေး လူသားများ၏ဝမ်းနည်းငိုကြွေးမှုကို ပို၍ ပြင်းထန်စေသည်။ ကျွန်ုပ်တို့အားလုံးကို သေခြင်းတရားက ထိုးနှက်ပြီး အမာရွတ်ထင်ကျန်စေသည်။ ပြန်ပြင်၍မရနိုင်တော့သည့် အရာအတွက် နာကျင်ရသည်။

“ဒီလိုမဖြစ်သင့်ဘူး” ဟူသော စိတ်သဘောထားက သခင်ယေရှုအသေခံပြီးနောက် သူ့နောက်တော်လိုက်များ၏ခံစားချက်ကို ကောင်းစွာဖော်ပြပေးနိုင်သည်။ ခရစ်ဝင်ကျမ်းများတွင် ထိုဆိုးရွားသောနာရီပိုင်းအချိန်အကြောင်းကို အနည်းအကျဉ်းသာ ဖော်ပြသော်လည်း သစ္စာရှိသောမိတ်ဆွေအချို့၏ လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ထားသည်။ သခင်ယေရှုအား လူမသိသူမသိ ယုံကြည်သူ ဘာသာရေးခေါင်းဆောင် ယောသပ်သည် (ယော ၁၉:၃၈) ရုတ်တရက် သတ္တိရှိကာ ရှင်ယေရှု၏ ရုပ်အလောင်းကို ပိလတ်မင်းထံမှ တောင်းလျှောက်ခဲ့သည် (လု ၂၃:၅၂)။ ထိတ်လန့်ဖွယ်ရာ ကားစင်တင်သတ်ခံရသည့် ရုပ်အလောင်းကို ကားတိုင်မှ ဖယ်ရှားရန်နှင့် မြှုပ်နှံရန်အတွက် ကြင်နာစွာ ပြင်ဆင်ခြင်းတို့အတွက် လိုအပ်မည့်အရာကို ခေတ္တမျှအချိန်ယူကာ စဉ်းစားကြည့်ပါ (:၅၃)။ ကားတိုင်လမ်းတစ်လျှောက်နှင့် သင်္ချိုင်းဂူထိတိုင်အောင် အတူရှိနေပေးသော အမျိုးသမီးများ၏ သစ္စာရှိစွာကိုးကွယ်ဆည်းကပ်မှုနှင့် ရဲရင့်ခြင်းကိုလည်း သုံးသပ်ဆင်ခြင်ပါ (:၅၅)။

ဤနောက်တော်လိုက်များသည် ထမြောက်ခြင်းကို မမျှော်လင့်ပါ။ ပူဆွေးဝမ်းနည်းမှုဖြင့်သာ ရောက်လာခြင်းဖြစ်သည်။ “ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီမွှေးနှင့်နံ့သာမျိုးကိုပြင်ဆင်၍ ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲ နေကြ၏” (:၅၆)ဟူ၍ မျှော်လင့်ချက်မဲ့ပြီး၊ ဝမ်းနည်းညှိုးငယ်ခြင်းဖြင့် ဤအခန်းကြီးကို အဆုံးသတ်ထားသည်။

ဥပုသ်နေ့ ငြိမ်ဝပ်စွာနေရသည့်အချိန်က သမိုင်း၌အထူးခြားဆုံးဖြစ်ရပ်ကို စင်တင်ပြသရန် ပြင်ဆင်လျက်ရှိကြောင်း သူတို့မသိပါ။ သခင်ယေရှုသည် တွေးဆ၍ မရနိုင်သောအမှုကို လုပ်ဆောင်တော့မည်။ သေခြင်းတရားကို “မဖြစ်သင့်ဘူး”ဟု သခင်ပြုပြင်ပြောင်းလဲပေးတော့မည်။