ယေးလ် တက္ကသိုလ်၏သက်တမ်းရှည်ပါမောက္ခဖြစ်သည့် Jaroslav Pelikan (ရာရိုစလပ်ပလင်ကန်)အား “သူ့ခေတ်အခါက ခရစ်ယာန်သမိုင်း၌ သြဇာညောင်းသူ” အဖြစ်မှတ်ယူကြပြီး ကြာမြင့်သည့် သူ၏ပညာရေးလုပ်သက်ကြောင့် ကျော်ကြားသည်။ စာအုပ်ပေါင်း (၃၀) ကျော်ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး သူ၏မြောက်မြားစွာသောစာပေရေးသားမှုကြောင့် အထင်ကရဖြစ်သည့် ‘Kluge’ (ခလူးဂါ) တစ်သက်တာ စာပေဆုကို ဆွတ်ခူးခဲ့သည်။ သူ့တပည့်တစ်ဦးက သူ့ဆရာသေအံ့ဆဲဆဲအချိန် ပြော ခဲ့သည့်၊ အရေးအကြီးဆုံးဟု သူမှတ်ယူထားသည့်စကားကို ပြန်ပြောပြခဲ့သည်။ “ခရစ်တော်ရှင်ပြန်ထမြောက်ပါက အခြားဘယ်အရာကမှ အရေးမပါတော့ပါ။ အကယ်၍ ခရစ်တော် မထမြောက်ပါက အခြားဘာတစ်ခုမျှ အရေးမပါတော့ပါ”။

“ခရစ်တော်သည် ထမြောက်တော်မမူလျှင် ငါတို့ဟောပြောခြင်း၌ အကျိုးမရှိ။ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ” ဟူသော ရှင်ပေါလု၏ခိုင်မာသော ယုံကြည်ချက်ကို ပလင်ကန်က ပဲ့တင်ထပ်ပြောခြင်းဖြစ်သည် (၁ ကော ၁၅:၁၄)။ ရှင်ပြန်ထမြောက်ခြင်းသည် အံ့ဖွယ်နိမိတ်မျှသာမဟုတ်ဘဲ လူ့သမိုင်း၌ ဘုရားသခင် ၏ကယ်တင်ခြင်းအမှု အထွတ်အထိပ်ဖြစ်ကြောင်း သူသိရှိ၍ တမန်တော်ကြီးက အဆိုပါရဲရင့်သောစကားကို ပြောခဲ့ခြင်းဖြစ်သည်။ ရှင်ပြန်ထမြောက်မည်ဆိုသော ကတိတော်သည် ရှင်ယေရှုသေခြင်းမှ ရှင်ပြန်ထမြောက်မည်ဟူသော ဘုရားရှင်၏ အာမခံချက်သာမက ကျွန်ုပ်တို့၏သေခြင်းနှင့် ပျက်စီးယိုယွင်းနေသော ဘဝများ၊ အိမ်နီးဝန်းကျင်ရပ်ကွက်၊ ဆက်ဆံရေးများပါ ခရစ်တော်အားဖြင့် တစ်နေ့တွင် ပြန်လည်အသက်ဝင်လာမည်ဟု အခိုင်အမာဆိုသည်။ သို့သော် ရှင်ပြန်ထမြောက်ခြင်းမရှိပါက ကျွန်ုပ်တို့ဒုက္ခတွေ့ပြီဟု ရှင်ပေါလုသိသည်။ ရှင်ပြန်ထမြောက်ခြင်း မရှိပါက သေခြင်းနှင့် ပျက်စီးခြင်းဘေးတို့ အောင်နိုင်ပြီဖြစ်သည်။

သို့သော် အမှန်ပင် “ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူ”၏ (:၂၀)။ အောင်နိုင်သူက ချိုးဖဲ့ဖျက်ဆီးခဲ့ပြီးဖြစ်၍ သေခြင်းသည် ရှုံးနိမ့်ပြီ။ နောက်မှ လိုက်ပါလာမည့် သူများတွင် ရှင်ယေရှုသည် “အဦးအသီး” ဖြစ်တော်မူ၏။ ကျွန်ုပ်တို့ ရဲရင့်လွတ်လပ်စွာ ရှင်သန်နိုင်မည့်အကြောင်း ဒုစရိုက်နှင့်သေခြင်းကို ကိုယ်တော် အောင်နိုင်ခဲ့ပြီ။ ဤအရာက အရာအားလုံးကို ပြောင်းလဲလိုက်သည်။