မျိုးဆက်ပေါင်းစုံ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဥ်၌ ချီးမွမ်းသီချင်းများ အတူတကွသီကျူးစဉ် လူများစွာ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ခံစားကြရသည်။ သို့သော် ခြေကုန်လက်ပန်းကျနေသော မိခင်တစ်ဦးတော့ မပါပါ။ ငိုလုဆဲဆဲ ကလေးငယ်ကို ပွေ့ချီကာချော့နေရင်း ငါးနှစ်ကလေးလေးကို သီချင်းစာအုပ်ဖွင့်ပြကာ လမ်းလျှောက်တက်စအရွယ်ကလေးကို ထွက်မပြေးသွားအောင် ဟန့်တားနေသည်။ ထို့နောက် သူ့အနောက်၌ထိုင်နေသည့် အသက်ကြီးကြီးအမျိုးသားတစ်ဦးက လမ်းလျှောက်တက်စအရွယ်ကလေးကို ဘုရားကျောင်းပတ်ပြီး လမ်းလျှောက်ပေးဖို့ ကမ်းလှမ်းပြီး၊ မိန်းမငယ်လေးတစ်ဦးကမူ ကလေးအကြီးဆုံးအတွက် သီချင်းစာအုပ် ကိုင်ပေးသည်။ ၂ မိနစ်အတွင်း ထိုမိခင်၏ခံစားချက် ပြောင်းသွားပြီး အသက်ရှူထုတ်လိုက်ကာ မျက်ဝန်းအစုံကိုပိတ်၍ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်လိုက်သည်။
အမျိုးသား၊ အမျိုးသမီး၊ အသက်ကြီးကြီးငယ်ငယ်၊ ယခင်ကတည်းက ဘုရားကိုယုံကြည်သူနှင့် ယုံကြည်သူအသစ်စသည်ဖြင့် သူ့လူများအားလုံး သူ့ကို ဝတ်ပြုကိုးကွယ်ရန် ဘုရားသခင်က အစဥ်အလိုရှိသည်။ ကတိထားရာပြည်သို့ မဝင်စားမီ ဣသရေလအနွယ် (၁၂) နွယ်တို့ကို မောရှေကောင်းချီးပေးရာ၌ “ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသောတစ်ပါးအမျိုးသားများတို့”အားလုံး စုဝေးတွေ့ဆုံရန် ဆော်သြသည်။ သို့မှသာ သူတို့သည် “ကြား၍နားလည်သဖြင့် (သူတို့၏)ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍ ဤပညတ်တရားစကား အလုံးစုံတို့ကို စောင့်ရှောက်”မည်အကြောင်းတည်း (တရား ၃၁:၁၂)။ ဘဝ၏မည်သည့်အရွယ်၌ ပင်ရှိရှိ ဘုရားရှင်၏လူများ သူ့အား အတူတကွ ဝတ်ပြုကိုးကွယ်နိုင်အောင် ကျွန်ုပ်တို့ လုပ်ဆောင်ပေးခြင်းသည် ဘုရားရှင်အား ဂုဏ်ပြုချီးမြှောက်ခြင်းဖြစ်သည်။
ထိုနေ့မနက် ဘုရားကျောင်း၌ ကလေးမိခင်၊ အသက်ကြီးကြီးအမျိုးသားနှင့်၊ မိန်းမပျိုလေးတို့သည် ပေးကမ်းခြင်း၊ ရယူခြင်းတို့ဖြင့် ဘုရားရှင်၏ချစ်မေတ္တာကို ခံစားခဲ့ကြရသည်။ နောက်တစ်ကြိမ် သင် ဘုရားကျောင်းသို့ရောက်လျှင် တစ်ပါးသူကို အကူအညီပေးခြင်း (သို့) တစ်ပါးသူ၏ကျေးဇူးပြုခြင်းကို လက်ခံခြင်းအားဖြင့် သင်လည်း ဘုရားရှင်၏မေတ္တာကို တိုးချဲ့နိုင်ပါသည်။
မျိုးဆက်အသီးသီးနှင့် လူမျိုးနွယ်များအား ခြုံကြည့်ပြီး
ခရစ်တော်၏ကိုယ်အင်္ဂါဖြစ်ခြင်းကို သင်မည်သို့ခံစားရသနည်း။
ဘုရားကျောင်း၌ရှိစဉ် ဘုရားသခင်၏မေတ္တာကို
သင်မည်သို့ပေးကမ်းပြီး မည်သို့လက်ခံရရှိသနည်း။
ချစ်တော်မူသောသခင်ယေရှု၊ ကိုယ်တော့်အား ဝတ်ပြုရန် ရောက်လာချိန်တွင် လူတိုင်းကို လှိုက်လှဲစွာကြိုဆိုကြောင်း လူတို့ခံစားရစေရန် ကိုယ်တော်အလိုရှိပါသည်။ အခြားသူများကို သတိပြုပြီး မေတ္တာဖြင့် ကမ်းလင့်ကြိုနိုင်ရန် မစတော်မူပါ။
တရားဟောရာကျမ်း ၃:၉-၁၃ တွင် မောရှေချယ်မှုန်းထားသော ထာဝရဘုရား၏ပညတ်တော်ကို နာခံရန် ဣသရေလအမျိုးသားတို့ စုစည်းကြသည့် မြင်ကွင်းသည် ရှေ့အနာဂတ်တွင် မျှော်လင့်နိုင်စရာ ကြေကွဲဝမ်းနည်းစရာ အကြောင်းများ ဖြစ်သည်။ ဓမ္မဟောင်းကျမ်းတစ်စောင်လုံးတွင် သတိပြုမိသည့် စိတ်မချမ်းမြေ့စရာအချက်မှာ မောရှေမှတစ်ဆင့် ဘုရားသခင်ပေးအပ်ခဲ့သည့် ပညတ်တော်များကို ဣသရေလအမျိုးတို့သည် ဗာဗုလုန်သို့ ဖမ်းဆီးခေါ်ဆောင် ခံရပြီးသည့်တိုင်အောင် ဘယ်တော့မှ မနာခံ မလိုက်လျှောက်ခဲ့ခြင်းပင်ဖြစ်သည်။
ဓမ္မရာဇဝင်ပထမစောင် ၂:၂၂-၃၆ နှင့်
၈:၁-၃ တွင် ယဇ်ပရောဟိတ်မင်းတို့၏ တာဝန်ပျက်ကွက်မှုတို့ကို ဖော်ပြထားသည်ကို တွေ့ရပြီး ၊
နေဟမိမှတ်စာ ၈:၁-၃ တွင် ဖော်ပြထားသည့် ယဇ်ပရောဟိတ်မင်းများက ထာဝရဘုရား၏အလိုတော် လိုက်လျှောက်ရန် သွန်သင်ခြင်းကို ဧဇရလက်ထက် မတိုင်မီအထိ မည်သည့်ကျမ်းတွင်မှ မတွေ့ရပါ။ ၎င်းသည် နှစ်ပေါင်းတစ်ထောင်နီးပါး ကြာပြီးမှ မောရှေ၏ညွှန်ကြားချက်ကို ဣသရေလလူမျိုးများ နာခံကြသည့် ပထမဆုံးမှတ်တမ်းပင် ဖြစ်ပါသည်။
ထိုနောက်ပိုင်း ဧဇရ၏စိတ်အားထက်သန်စွာ လုပ်ဆောင်ခဲ့မှုသည် ဖာရိရှဲတို့၏ တရားဝင်လုပ်ဆောင်မှုသို့ တွန်းပို့ခဲ့သည်။ ဣသရေလလူမျိုးတို့သည် ပညတ်တော်နှင့်ပတ်သက်၍ ထာဝရရုန်းကန်ခဲ့ကြရသည်။ ပထမပိုင်းတွင် ပညတ်တော်များကို လှစ်လျူရှုခဲ့ကြပြီး၊ နောက်ပိုင်းတွင် ပညတ်တော်များကို ရှိသင့်သည်ထက် ပိုမိုများပြားစေခဲ့ကြပါသည်။ ထာဝရဘုရား၏ပညတ်တော်များကို လိုက်လျှောက်နိုင်ရန် စစ်မှန်သည့်လုပ်ရပ်မှာ သခင်ယေရှု မိန့်ကြားတော်မူသကဲ့သို့ ရှေ့ဦးစွာ ထာဝရဘုရားကို ချစ်မြတ်နိုးဦးထိပ်ထားပြီး၊ ထိုနောက်မှာ ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်ရန် ဖြစ်သည်
(ရှင်မဿဲခရစ်ဝင် ၂၂:၃၇-၃၉)။
Jed Ostoich