အီစတာပွဲတော်နေ့အပြီး ရက်သတ္တတစ်ပတ်အကြာဖြစ်၍ ကျွန်တော့်၏ငါးနှစ်အရွယ် သားလေး Wyatt (ဝါယဒ်)သည် ထမြောက်ခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများစွာကို ကြားခဲ့ပြီးဖြစ်သည်။ သူ၌ မေးခွန်းအမြဲရှိပြီး ပုံမှန် အားဖြင့် အကျပ်ရိုက်စေမည့် မေးခွန်းမျိုးဖြစ်သည်။ ကျွန်တော်ကားမောင်းစဉ် ကျွန်တော့်နောက်ရှိ ကလေးထိုင်ခုံ၌ ထိုင်ကာလိုက်ပါလာသည့် ဝါယဒ် သည် ပြတင်းပေါက်အပြင်သို့ ကြည့်ပြီး အတွေးနက်နေသည်။ “ဖေဖေ”ဟု ခေါ်လိုက်ပြီး ကျွန်တော့်ကို ခက်ခဲသည့်မေးခွန်းမေးရန် ခေတ္တရပ်လိုက်သည်။ ပြီးမှ “သခင်ယေရှုက သားတို့ကို အသက်ပြန်ရှင်စေတဲ့အခါ တကယ်ပဲရှင်မှာလား။ ဒါမှမဟုတ် သားတို့ခေါင်းထဲမှာပဲ ရှင်နေမှာလား” ဟုမေးသည်။

ဤမေးခွန်းက ဖွင့်မေးရန် ကျွန်တော်တို့၌ သတ္တိရှိရှိ မရှိရှိ၊ ကျွန်တော်တို့ အများစုတွင် ရှိနေသည့် ‌မေးခွန်းဖြစ်သည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို အမှန်တကယ် အနာငြိမ်းစေမည်လား။ သေခြင်းမှ အမှန်တကယ် ထမြောက်စေမည်လား။ သူ၏ကတိအားလုံးကို အမှန်ပင်တည်စေမည်လား။

တမန်တော်ရှင်ယောဟန်သည် ကျွန်တော်တို့၏သေချာသည့်အနာဂတ်နှင့် စပ်လျဥ်း၍ “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ဟူ၍ဖော်ပြခဲ့သည် (ဗျာ ၂၁:၁)။ ထိုသန့်ရှင်းသည့်မြို့တော်၌ “ဘုရားသခင်သည် ကိုယ်တော်တိုင် (ကျွန်ုပ်)တို့နှင့် အတူရှိနေ၍ (ကျွန်ုပ်)တို့၏ဘုရားသခင် ဖြစ်တော်မူမည်” (:၃)။ သခင်ယေရှု၏ အောင်မြင်ခြင်းကြောင့်သာလျှင် မျက်ရည်များမရှိတော့မည့်၊ ဘုရားသခင်နှင့်သူ၏ လူမျိုးကို တိုက်ခိုက်မည့် စာတန်မရှိတော့သည့် အနာဂတ်ကို ကျွန်‌တော်တို့အတွက် ကတိတော်ရှိထားသည်။ ဤကောင်းမွန်သော အနာဂတ်တွင် “နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား ရှေးဖြစ်ဘူးသောအရာတို့သည် ရွေ့သွားကြပြီ” (:၄)။

တနည်းပြောရမည်ဆိုလျှင် ဘုရားသခင်ကတိပေးထားသည့် အနာဂတ်တွင် ကျွန်တော်တို့ ‘အမှန်တကယ်’ အသက်ရှင်မည်။ ကျွန်တော်တို့အသက်ရှင်မည် ဖြစ်သောကြောင့် ယခု ကျွန်တော်တို့ ရှင်နေသည့်အသက်တာသည် အရိပ်မျှသာဖြစ်သည်။