သြစတြေးလျမျိုးရင်း ပျားရည်စုပ်ငှက်လေးများသည် သူတို့သီချင်းကို သူတို့ မေ့နေသည့် ပြဿနာနှင့် ကြုံနေရသည်။ ယခင်က အရေအတွက် အများအပြားရှိသော်လည်း ယခုတွင် အကောင်ရေ (၃ဝဝ) ခန့်သာကျန်ရှိတော့သဖြင့် အချင်းချင်းထံမှ သင်ယူရန် အရေအတွက် နည်းပါးလှသဖြင့် ငှက်အဖိုတို့သည် ၎င်းတို့၏ မူပိုင်တေးသံကိုမသီဆိုနိုင်သဖြင့် ငှက်အမများကို မဆွဲဆောင်နိုင်ဘဲ ဖြစ်နေတော့သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတို့က ယင်းငှက်များကို သီချင်းပြန်ဆိုပြခြင်းဖြင့် ကယ်တင်နိုင်ရန် လမ်းစရှာတွေ့ခဲ့သဖြင့် ကျေးဇူးတင်ရမည်။ အသံသွင်းထားသည့် ၎င်းတို့ ယခင်က သီကျူးခဲ့ကြသည့်သီချင်းကို ဖွင့်ပြလျက် ၎င်းတို့၏ နှလုံးသားတေးသံကို ပြန်လည်သင်ယူနိုင်အောင် ပြုလုပ်ပေးသည့်အစီအစဉ်ပင် ဖြစ်သည်။ ငှက်အထီးလေးများသည် သံစဉ်ကို နားယဉ်လာပြီး ကိုယ်တိုင်ကြိုးစားအသံပြုလျက် ငှက်အမလေးများကို ပြန်လည်ဆွဲဆောင်ကာ ပွားများလာရန် မျှော်လင့်မိပါသည်။

ပရောဖက်ဇေဖနိသည်လည်း ဒုက္ခရောက်နေသူတို့အကြောင်းကို ပြောပြသည်။ အကျင့်ပျက် ခြစားမှုများကြားတွင် ဘုရားသခင်၏စီရင်ခြင်း နီးကပ်လာပြီဖြစ်ကြောင်း သူသတိပေးခဲ့သည် (ဇေ ၃:၁-၈)။ ဖမ်းဆီးခံရပြီး တိုင်းတစ်ပါးသို့ခေါ်ဆောင်ခံရသည့် အချိန်တွင် ၎င်းတို့သည် သူတို့၏သီချင်းကို မေ့လျော့သွားကြတော့သည် (ဆာ ၁၃၇:၄)။ သို့သော် စီရင်ခြင်းအလွန်တွင် ဘုရားရှင်သည် ချေမှုန်းခံရသည့် သူ့လူတို့ကို အကြည့်အရှုကြွလျက် ခွင့်လွှတ်ကာ သီချင်းဆိုပြမည်ကို ပရောဖက်ကြီးက ကြိုတင်သိမြင်ခဲ့သည်။ “သင်၌အားရ၍ ဝမ်းမြောက်တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍၊ သီချင်းဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်” (ဇေ ၃:၁၇)။ အဆုံးတွင် ၎င်းတို့၏နှလုံးသားတေးကို တစ်ဖန်ပြန်လည် သီဆိုနိုင်လိမ့်မည် (:၁၄)။

မိမိကိုယ်တိုင်၏မနာခံခြင်းကြောင့်ဖြစ်စေ၊ လောကဓံကြောင့်ဖြစ်စေ နှလုံးသား၏ ဝမ်းမြောက်ခြင်းသံစဉ်ကို ကျွန်ုပ်တို့မေ့လျော့သွားနိုင်သည်။ သို့သော်လည်းကောင်းကင်မှ အသံတော်သည် ကျွန်ုပ်တို့အပေါ်လွှမ်းမိုးလျက် ခွင့်လွှတ်ခြင်းနှင့် ချစ်ခြင်းတေးကို ဦးဆောင်သီဆိုပေးနေပါသည်။ ဘုရားရှင် သင်ပြပေးသော ငြိမ့်ညောင်းတေးသံကို နားဆင်ရင်း အနောက်မှလိုက်ဆိုကြပါစို့။