ကင်ဆာရောဂါအတွက် ကီမိုဓာတုဆေးသွင်းခြင်း ကုထုံးကြောင့် ကျွန်တော့် ယောက္ခထီး၏ ပန်ကရိယအကြိတ်ကို အတန်ငယ် ထိန်းချုပ်လိုက်နိုင်သည်။ သို့သော် အရှင်းပျောက်ကင်းသည်မဟုတ်ပါ။ ကင်ဆာကြိတ်သည် တစ်ဖန် ပြန်ကြီးလာသည့်အခါတွင် သေရေးရှင်ရေးတမျှ အရေးကြီးသည့်ရွေးချယ်မှုကို လုပ်ရတော့သည်။ ကျွန်တော့် ယောက္ခထီးက ဆရာဝန်အား “ဆရာ၊ ဆေးဆက်သွင်းရမလား၊ သောက်ဆေးအသစ် ပြောင်းရမလား၊ ဓာတ်ကင်ရမလား” ဟု မေးခဲ့သည်။

ယုဒလူမျိုးတို့သည်လည်း သေရေးရှင်ရေးအခြေအနေနှင့် ကြုံခဲ့ရသည်။ စစ်မက်နှင့် ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ကြောင့် ဒုက္ခရောက်နေချိန်တွင် ရုပ်တု ဆင်းတုကိုးကွယ်မှု များလွန်းခြင်းကြောင့်လား။ သို့မဟုတ် ထပ်ကိုးကွယ်ရန် လိုသေးခြင်းကြောင့်လားဟု မေးခွန်းထုတ်ကြသည်။ နောက်ဆံုး ပူဇော်သက္ကာများ ပိုမိုပူဇော်ခြင်းဖြင့် ယင်းနတ်ဘုရား (ကောင်းကင်မိဖုရား)သည် သူတို့ကို ကာကွယ်ပေးပြီး တစ်ဖန် သာယာဝပြောစေလိမ့်မည်ဟု သူတို့ကောက်ချက်ချခဲ့သည် (ယေ ၄၄:၁၇)။

၎င်းတို့၏ပြဿနာဖြေရှင်းပုံသည် လုံးဝလွဲမှားနေပြီဟု ယေရမိက ထောက်ပြခဲ့သည်။ ပြဿနာအစစ်မှာ ရုပ်တုဆင်းတုလိုသေးခြင်းကြောင့်မဟုတ်၊ ရုပ်တု ဆင်းတုရှိနေခြင်းကြောင့်ဟု ပြောသောအခါ ပရောဖက်ကြီးကို “သင်သည် ထာဝရ ဘုရား၏နာမတော်ကို အမှီပြု၍၊ ငါတို့အား ဟောပြောသောစကားကို ငါတို့သည် နားမထောင်” ဟုပြန်ပြောကြ၏ (:၁၆)။ ယေရမိကလည်း “သင်တို့သည် နံ့သာပေါင်းကိုမီးရှို့၍ ထာဝရဘုရားကို ပြစ်မှားသောကြောင့်လည်းကောင်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်၊ ထုံးဖွဲ့ချက်၊ သက်သေခံချက်၊ ပညတ်တရားတော်လမ်းသို့ မလိုက်သောကြောင့်လည်းကောင်း၊ ဤဘေးသည် ယနေ့၌ရှိသည်အတိုင်း၊ သင်တို့၌ ရောက်လေပြီတကား” ဟုပြန်ပြောခဲ့သည် (:၂၃)။

ယုဒလူမျိုးများကဲ့သို့ပင် ကျွန်ုပ်တို့သည် ဒုက္ခတွင်းထဲသို့ နှစ်ပြန်ကျစေသော ဒုစရိုက်နှင့်ယှဉ်သော ရွေးချယ်မှုမျိုးကိုပြုရန် ကျွန်ုပ်တို့သွေးဆောင်ခံရနိုင်သည်။ ပေါင်းသင်းဆက်ဆံရေးပြဿနာကို စိမ်းကားမှုနှင့်ဖြေရှင်းလိုသည်။ ငွေရေးကြေးရေး ပြဿနာဆိုလျှင် တဒင်္ဂပျော်ရွှင်မှုအတွက်ပင် သုံးဖြုန်းလိုသည်။ အပယ်ခံရလျှင် ထပ်တူ ရက်စက်ပြလိုက်သည်။ ပြဿနာအတွက် ကျွန်ုပ်တို့ရွေးချယ်လိုက်သော ရုပ်တုက ကျွန်ုပ်တို့ကို မကယ်နိုင်ပါ။ သခင်ယေရှုတစ်ပါးတည်းသာ သူ့ထံ ဦးလှည့်လာသူတို့အား ဒုက္ခများမှ ချမ်းသာပေးနိုင်သည်။