မနက် (၃) နာရီ၌ ဆေးရုံတစ်ခု၏ စောင့်ကြည့်လူနာဆောင်တွင် လူနာတစ်ဦးသည် ဆရာဝန်ခေါ်ဘဲလ်ကို (၄) ခါမျှ နှိပ်လိုက်သည်။ ညတာဝန်ကျသော သူနာပြုဆရာမလေးက မညည်းမညူ လာကြည့်ပေးသည်။ အခြားလူနာတစ်ဦးလည်း ညည်းတွားကာ ဂရုတစိုက်ကြည့်ရှုပေးမှုကို တောင်းခံသည်။ သူနာပြုမလေးအတွက် အံ့သြစရာ မဟုတ်ပါ။ ဆေးရုံ၏နေ့ဆိုင်းတာဝန် ရှုပ်ထွေးပွေလီမှုကို ရှောင်လွှဲနိုင်ရန် လွန်ခဲ့သော (၅) နှစ်ခန့်ကတည်းက ဤညဆိုင်းတာဝန်ကို သူကိုယ်တိုင်ပင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ စင်စစ် ဤတာဝန်သည်လည်း မလွယ်လှပါ။ တစ်ခါတစ်ရံ ညဆိုင်းကျသူသည် တစ်ဦးတည်း လူနာကိုဆွဲထူမပြီးလှည့်ပေးရခြင်း စသည့် အပိုတာဝန်များကို လုပ်ရသည်။ လူနာကို စဉ်ဆက်မပြတ် စောင့်ကြည့်ပေးရပြီး၊ အရေးပေါ်လိုအပ်ပါက ဆရာဝန်ကြီးများကို အကြောင်းကြားရန် အမြဲသတိရှိနေရသည်။

ညဆိုင်းတာဝန်ကျသော အခြားလုပ်ဖော်ကိုင်ဖက်များနှင့် နိုးနိုးကြားကြားလုပ်နိုင်သော်လည်း သူနာပြုမလေးအတွက် အိပ်ရေးဝဝအိပ်နိုင်ရန်မှာ ခက်ခဲနေဆဲပင်။ သူမ၏အလုပ်ကို အရေးပါသောအလုပ်တာဝန်အဖြစ် ခံယူသောကြောင့် မကြာခဏဆိုသလို အသင်းတော်သို့ ဆုတောင်းချက်တင်ပြီး “ဆုတောင်းချက်က ထူးခြားမှုကိုဖြစ်စေလို့ ဘုရားသခင်ကို ချီးမွမ်းပါတယ်”ဟု သူမဆိုသည်။

သူမ၏ချီးမွမ်းခြင်းသည် သူမကဲ့သို့ ညဆိုင်းကျသူအတွက်မျှမက ကျွန်ုပ်တို့အားလုံးအတွက် မှန်ကန်ပြီး ကောင်းသောအရာဖြစ်သည်။ ဆာလံဆရာက “ထာဝရ ဘုရား၏အိမ်တော်၌ ညဉ့်ယံစောင့်သော ထာဝရဘုရား၏ကျွန်တော်အပေါင်းတို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ သန့်ရှင်းရာဌာနတော်သို့ လက်ကိုချီ၍၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့” (ဆာ ၁၃၄:၁-၂)ဟု ရေးဖွဲ့ခဲ့သည်။

ဤဆာလံကျမ်းသည် ဗိမာန်တော် လုံခြုံရေးအစောင့်အဖြစ် အစေခံသောလေဝိအနွယ်တို့အတွက် စပ်ဆိုထားပြီး နေ့ညမပြတ် ဗိမာန်တော်ကို ကာကွယ်စောင့်ကြပ်ရသည့်တာဝန်က မည်မျှအရေးပါသည်ကို အသိအမှတ်ပြုထားသည်။ မရပ်မနားလှုပ်ရှားနေသော နေ့စဉ်ဘဝကြီးတွင်လည်း အထူးသဖြင့် ညဘက်အလုပ်လုပ်သော ဝန်ထမ်းများအား ဤဆာလံကို ဝေမျှပေးရန် လိုသည်။ သို့သော် ကျွန်ုပ်တို့အယောက်စီလည်း ဘုရားသခင်ကို ချီးမွမ်းနိုင်သည်။ ဆာလံဆရာရေးသားသကဲ့သို့ “ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသော ထာ၀ရဘုရားသည် ဇိအုန်တောင်‌ပေါ်က သင့်ကို ကောင်းချီးပေးပါစေသော” (:၃)။