ဗစ်တာသည် ညစ်ညမ်းဗီဒီယိုများကို တဖြည်းဖြည်းစွဲလာသည်။ သူ့သူငယ်ချင်း အများစုကလည်း ကြည့်ကြပြီး သူကပါ ကြည့်ဖြစ်သွားသည်။ ၄င်းသည် လုံးဝမှားယွင်းကြောင်း၊ ဘုရားသခင်အား ပြစ်မှားရာရောက်ကြောင်း သူသဘောပေါက်လာသည်။ သူ့မိန်းမလည်း ကြေကွဲခံစားနေရသည်။ နောက်ထပ် မကြည့်ရန် သူ့အသက်တာကို ကွယ်ကာရန် သူသန္နိဌာန်ချလိုက်သည်။ သို့သော် အရမ်းနောက်ကျနေပြီလားဟု သူစိတ်ပူမိသည်။ ‘သူ့အိမ်ထောင်ရေးကို အဖတ်ဆည်၍ ရပါဦးမည်လား။ သူလွတ်မြောက်ပါမည်လား။ အကြွင်းမဲ့အပြစ်လွှတ်ခံရမည်လား။’
ကျွန်ုပ်တို့၏ရန်သူဖြစ်သော မာရ်နတ်သည် ဖြားယောင်းသွေးဆောင်မှုကို “လူတိုင်းလုပ်နေတာပဲ။ ဘာမှမဖြစ်ပါဘူး”ဟု အရေးမကြီးသကဲ့သို့ ပုံဖမ်းပြတတ်သည်။ သို့သော် ကျွန်ုပ်တို့ သူ့ထောင်ချောက်မိသွားသည်နှင့် “အရမ်းနောက်ကျသွားပြီ၊ မင်းလွန်သွားပြီ။ မင်းအခုမျှော်လင့်ချက်မရှိတော့ဘူး” ဟု သူက အချိုးပြောင်းတော့သည်။
ကျွန်ုပ်တို့ကို ဝိညာဥ်ရေးဆိုင်ရာတိုက်ပွဲ၌ ဖျက်ဆီးနိုင်ရန် ရန်သူသည် ဘာမဆို ပြောလိမ့်မည်။ ရှင်ယေရှုက “မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူ့အသက်ကို သတ်သောသူဖြစ်၏။ သူ၌ သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည် မုသာစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသာစကား၌ ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏” (ယော ၈:၄၄)ဟုဆိုသည်။
မာရ်နတ်သည် လိမ်ညာသူဖြစ်လျှင် သူ့ကို ကျွန်ုပ်တို့ လုံးဝနားမထောင်သင့်ပေ။ “ကိုယ့်အပြစ်က အရေးမကြီးဘူး” ဟုပြောသည်ဖြစ်စေ၊ “မျှော်လင့်ချက်မရှိတော့”ဟု ပြောသည်ဖြစ်စေ နားမထောင်သင့်ပါ။ သခင်၏စကားကိုသာနားထောင်ပြီး၊ စာတန်၏စကားကို ဖယ်ရှားနိုင်ရန် သခင်ယေရှု ကျွန်ုပ်တို့အားကူညီစောင်မပါစေ။ “သင်တို့သည် ငါ၏ဒေသနာ၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။ သမ္မာတရားကိုလည်း သိကြသဖြင့် ထိုတရားသည် သင့်ကိုလွှတ်လိမ့်မည်” (:၃၁-၃၂)ဟူသော ကတိတော်၌ ကျွန်တော်တို့၏စိတ်နှလုံးများ တည်နေပါ၏။