ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်သည့် ကာလအတွင်း ကြီးပြင်းလာခဲ့ရပုံအကြောင်းကို Juanita (ဝါနီတာ)က သူ့တူအား ပြောပြသည်။ ဆင်းရဲလှသည့်သူတို့မိသားစု၌ စားစရာမှာ ပန်းသီးနှင့် အဖေအမဲလိုက်၍ရသည့် ဟင်းစားမျှသာရှိသည်။ ညစာစားချိန်၌ အမေ့အား ရှဉ့်ခေါင်းတောင်းစားတိုင်း အမေက “ရှဉ့်ခေါင်းကို အမေပဲစားမယ်။ အမေအစားချင်ဆုံးက ခေါင်းပဲ၊ ရှဉ့်တစ်ကောင်လုံးမှာ ခေါင်းက အကောင်းဆုံးပဲ” ဟု ပြောသည်။ နှစ်ပေါင်းများစွာကြာမှ ရှဉ့်ခေါင်း၌ မည်သည့်အသားမျှ မရှိကြောင်း ဝါနီတာ သိခဲ့သည်။ အမေက ရှဉ့်ခေါင်းကို မစားပါ။ သူ့အတွက် မထည့်တွက်ဘဲ “ဒေါ်လေးတို့တွေ များများစားအောင် အဖွားက ရှဉ့်ခေါင်းကောင်းတဲ့ပုံ ဟန်ဆောင်ခဲ့တာပဲဖြစ်တယ်” ဟုရှင်းပြသည်။
မနက်ဖြန် မိခင်များနေ့ကို ဆင်နွဲသောအခါ အမေများ၏အဖြစ်အပျက်ကို ပြန်ပြောင်းပြောကြပါစို့။ မိခင်များအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပြီး မိခင်ကဲ့သို့ ချစ်နိုင်အောင် ကြိုးစားကြပါစို့။
“နို့ထိန်းသည် မိမိသူငယ်ကို ကျွေးမွေးပြုစုသကဲ့သို့” (၁ သက် ၂:၇) ရှင်ပေါလုသည် သက်သာလောနိတ်အသင်းတော်အား အစေခံပြုစုခဲ့သည်။ “ကြီးစွာသောတိုက်လှန်ခြင်းနှင့်တကွ” သခင်ယေရှုအကြောင်းကို သူတို့အား “ရဲရင့်စွာ ဟောပြော”၏ (:၂)။ သူ့ “အသက်ကိုပင် ပေးချင်သော စေတနာစိတ်ရှိ”၏ (:၈)။ သူတို့အတွက် ဝန်တာမဖြစ်အောင် ပင်ပန်းစွာ ကြိုးစားကာ “နေ့ညဉ့်လုပ်ဆောင်လျက် ဘုရားသခင်၏ဧဝံဂေလိတရားကို (သူတို့အား) ဟောပြော”၏ (:၉)။ မိခင်အတိုင်းပင် ဖြစ်ပါသည်တကား။
မိခင်မေတ္တာကို ငြင်းဆန်နိုင်သူ မရှိသလောက်ပါ။ ရှင်ပေါလုက သူ၏ ကြိုးစားမှုသည် အချည်းနှီးမဖြစ်ကြောင်း ထောင်လွှားမှုသဘောမပါဘဲ ဆိုသည် (:၁)။ အခြားသူတို့အား မည်သို့မည်ပုံတုံ့ပြန်ပြောရန် ကျွန်ုပ်တို့ ထိန်းချုပ်ပြော၍ မရနိုင်သော်လည်း၊ တစ်နေ့ပြီးတစ်နေ့၊ သူတို့ကို အနစ်နာခံလျက် အစေခံပြရန် ကျွန်ုပ်တို့ ရွေးချယ်နိုင်ပါသည်။ သို့ဆိုလျှင် အမေဂုဏ်ယူနေလိမ့်မည်။ ကောင်းကင်ဘုံရှင်အဘလည်း ထို့အတူပင် ဂုဏ်ယူနေလိမ့်မည်။