​လက်ဗွေဖြင့် မည်သူမည်ဝါဖြစ်သည်ဟု သတ်မှတ်ခွဲခြားခြင်းကို ကြာမြင့်စွာ အသုံးပြုခဲ့သော်လည်း လက်ဗွေပွားပြီး အတုလုပ်၍ရသည်။ ထိုနည်းတူ မျက်ဝန်းအတွင်း မျက်စိသူငယ်အိမ်ကို ဝန်းရံထားသော စက်ဝိုင်းပုံစံကိုမူတည်ပြီး “အိုင်ဒီ” အမှတ်အသားပြုလုပ်ခြင်းက စိတ်ချရနိုင်သော်လည်း မျက်ကပ်မှန်က ရလဒ်အဖြေကို တိုက်ရိုက်ပြောင်းပေးနိုင်သည်။ ဇီဝဖြစ်စဉ်ဖြင့် သတ်မှတ်ခွဲခြားမှုကလည်း စိတ်မချရပါ။ ထို့ကြောင့် မည်သည့်အရာက မည်သူမည်ဝါဖြစ်သည်ကို သတ်မှတ်ခွဲခြားခြင်းအတွက် အကောင်းဆုံးစံဖြစ်မည်နည်း။ လေ့လာတွေ့ရှိချက်များအရ လူ၏သွေးကြောဖွဲ့စည်းမှုပုံစံသည် ထူးခြားပြီး၊ အတုအပပြုလုပ်ရန်လည်း မဖြစ်နိုင်ပါ။ လူတစ်ဉီးချင်းစီ၏ “သွေးကြောမြေပုံ” သည် အနှိုင်းမဲ့သော၊ အစားထိုး၍ မရသော ကမ္ဘာပေါ်ရှိ အခြားသူများနှင့် သင့်ကို ခွဲခြားပေးသည့်အရာဖြစ်သည်။

နက်နဲရှုပ်ထွေးသည့် လူသားရုပ်ခန္ဓာဖွဲ့စည်းမှုကိုဆင်ခြင်ခြင်းက ကျွန်ုပ်တို့ကိုပြုလုပ်သည့် ဖန်ဆင်းရှင်အပေါ် အံ့သြမှုဖြင့်ကိုးကွယ်ဝတ်ပြုခြင်းကို နိုးဆွပေးသင့်သည်။ ကျွန်ုပ်တို့သည် “ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာ”နှင့် ဖန်ဆင်းခံရကြောင်း (ဆာ ၁၃၉:၁၄) ဒါဝိဒ်က သတိပေးထားပြီး ဤအချက်အတွက် ကျွန်ုပ်တို့အမှန်ပင် ချီးမွမ်းသင့်သည်။ ဆာလံ ၁၁၁:၂ တွင်လည်း “ထာဝရဘုရား၏အမှုတော်တို့သည် ကြီးမြတ်ကြ၏။ ကြည်ညိုသောသူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏”ဟု သတိပေးထားပြန်သည်။

သို့သော် ကျွန်ုပ်တို့၏အာရုံစိုက်မှုနှင့် အထိုက်တန်ဆုံးမှာ ဖန်ဆင်းရှင် ဘုရားသခင် ကိုယ်တိုင်ပင်ဖြစ်သည်။ ဘုရားရှင်၏ကြီးမြတ်သော အမှုတော်တို့ကို ကျွန်ုပ်တို့ချီးမွမ်းကြစဉ် ဘုရားရှင် ကိုယ်တော်တိုင်ကို ကျွန်ုပ်တို့ ချီးမြှောက်ရပါမည်။ သူပြုသောအမှုတော်တို့သည် ကြီးမြတ်သည်။ သို့သော် ကိုယ်တော်က သာ၍ ကြီးမြတ်ခြင်းကြောင့် “ကိုယ်တော်သည် ကြီးမြတ်၍ အံ့သြဖွယ်တို့ကို ပြုတော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင် ဘုရားသခင် ဖြစ်တော်မူ၏” (၈၆:၁၀) ဟု ဆုတောင်းချီးမွမ်းရန် ဆာလံဆရာအား နှိုးဆော်ခဲ့သည်။

ယနေ့တွင် ဘုရားသခင်ပြုသောအမှုတော်များ၏ ကြီးမြတ်မှုကို ဆင်ခြင်ရင်း ဘုရားသခင်၏ ကြီးမြတ်တော်မူခြင်းကိုလည်း အံ့သြခံစားနိုင်ကြပါစေ။