ဖြစ်တောင့်ဖြစ်ခဲပြီး ကုသ၍မရနိုင်သော ဉီးနှောက်အကြိတ်ကင်ဆာဖြစ်နေပြီ ဟူသည့်ဆေးစစ်ချက်ရလဒ် ထွက်လာပြီးနောက်တွင် ကယ်ရိုလိုင်းသည် အသည်းအသန် ဖျားနာသည့် ကလေးလူနာနှင့် ၎င်းတို့၏မိသားစုများအတွက် ဓာတ်ပုံရိုက်ပေးသည့် ပရဟိတလုပ်ငန်းကို လုပ်ဆောင်ပေးခြင်းဖြင့် ဘဝမျှော်လင့်ချက်အသစ်၊ ဘဝရည်မှန်းချက်အသစ်ကို ပြန်လည်ရရှိခဲ့သည်။ ဤလုပ်ငန်းအားဖြင့် “ဝမ်းနည်းကြေကွဲချိန်နှင့် ရောဂါအသည်းအသန်ဖြစ်နေချိန်များ၌ ရှိမည်မဟုတ်ဟု ခံစားရသည့် လှပသောအချိန်များ”တွင်ပါ ကလေးလူနာနှင့် မျှဝေခံစားသည့် အဖိုးတန်အချိန်လေးကို မိသားစုအတွက် မှတ်တမ်းတင်ပေးနိုင်ခဲ့သည်။ “အဆိုးဆုံး မြင်ယောင်ကြည့်နိုင်တဲ့အတိုင်းအတာအထိ ခက်ခဲနေချိန်မှာ အဲဒီမိသားစုတွေက ဖြစ်နေတဲ့အခြေအနေကို လျစ်လျူရှုပြီး မေတ္တာပြချစ်ကြင်နာဖို့ ရွေးချယ်ခဲ့တယ်” ဟု သူတွေ့ရှိရသည်။

ယူကျုံးမရ စိတ်ထိခိုက်ရသည့်အဖြစ်မှန်နှင့် ထိုအခြေအနေကြားမှ တင့်တယ်လှပမှုနှင့် မျှော်လင့်ခြင်းကို ခံစားရခြင်းဟူသည့် ဝမ်းနည်းကြေကွဲမှု၏အမှန်တရားကို ဆုပ်ကိုင်နားလည်ရေးက မပြောပြနိုင်လောက်သောစွမ်းအားတစ်ခု ရှိနေပါသည်။

ယောဘဝတ္ထု၏အပိုင်းများစွာသည် ယူကျုံးမရဖြစ်စေသည့် ဆုံးရှုံးမှုများအားဖြင့် ယောဘ၏ဘဝခရီးကို အရှိအတိုင်း ရိုးသားစွာ အမိအရဖော်ပြလျက် ဝမ်းနည်းကြေကွဲမှုကို ချပြသည့် ဓာတ်ပုံနှင့် တူပါသည် (၁:၁၈-၁၉)။ ယောဘနှင့် အတူ ရက်အတန်ကြာမျှထိုင်ခဲ့ပြီးနောက် ယောဘ၏မိတ်ဆွေများသည် သူ၏ ဝမ်းနည်းမှုကို ငြီးငွေ့သွားပြီး အဆုံး၌ ထိုဝမ်းနည်းမှုကို လျော့ချရန် ဆိုလာသည်။ ၎င်းသည် ဘုရားသခင်၏စီရင်ခြင်းဖြစ်သည်ဟု ပြောလာသည်။ သို့သော် ယောဘက လက်မခံဘဲ၊ သူဖြတ်သန်းနေရသည့် အမှုအခြေအနေသည် အရေးကြီးကြောင်း၊ သူ့အတွေ့အကြုံသက်သေခံချက်ကို “ကျောက်စာထိုးလျက်မြဲပါစေသော” (၁၉:၂၄) ဟု တောင့်တမိကြောင်း အခိုင်အမာဆိုသည်။

ယောဘဝတ္ထုမှ အတွေ့အကြံုများကို “ကျောက်စာထိုး”ထားခြင်းဖြင့် ဝမ်းနည်းကြေကွဲနာကျင်မှုများတွင် သေခြင်းကိုဖြတ်ကျော်၍ ထမြောက်သောအသက်တာသစ်သို့ ကျွန်ုပ်တို့ကိုစောင်မပို့ဆောင်သူ၊ အသက်ရှင်တော်မူသော ဘုရားသခင်ထံသို့ ကျွန်ုပ်တို့ ကို ပြညွှန်ပေးနေသည် (:၂၆-၂၇)။