ကျွန်မယုံကြည်သူဖြစ်လာပြီးနောက်၊ ကျွန်မ၏မိခင်ကို ကယ်တင်ခြင်းသတင်း စကား ပြောပြသည်။ ကျွန်မမျှော်လင့်ထားသလို ယေရှုခရစ်တော်ကို ယုံကြည်လာခြင်းထက် အမေ ကျွန်မကို တစ်နှစ်စကားမပြောဘဲ နေခဲ့သည်။ ယေရှုနောက်လိုက်ဟု ကြွေးကြော်သူများနှင့် ဆိုးဝါးသောအတွေ့အကြုံများ ရှိခဲ့ခြင်းကြောင့် ခရစ်တော်ကို ယုံကြည်သူများအား အမေ မယုံကြည်ရဲတော့ပါ။ အမေ့အတွက် ဆုတောင်းလျက် အပတ်စဥ် သူ့အား ဆက်သွယ်သည်။ အမေ ကျွန်မကို စကားမပြောသည့်ကာလအတွင်း သန့်ရှင်းသောဝိညာဉ်တော်က ကျွန်မ၏စိတ်နှလုံးကို ပြုပြင်ပြီး ကျွန်မကိုနှစ်သိမ့်ပေးသည်။ နောက်ဆုံးတွင် သူမ ကျွန်မ၏ဖုန်းကို ကိုင်သောအခါ သူ့ကိုမေတ္တာပြလျက် ဘုရားသခင်၏သမ္မာတရားကို အခွင့်အခါရတိုင်း ပြောပြရန် ဆက်ကပ်ခဲ့သည်။ အမေနှင့်ကျွန်မ ပြန်လည်သင့်မြတ်ပြီးနောက်တွင် အမေက ကျွန်မကို အတော်ပြောင်းလဲသွားသည်ဟု ပြောလာသည်။ တစ်နှစ်ခန့်ကြာပြီးနောက်တွင် အမေက ခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံလာပြီး ရလဒ်အားဖြင့် ကျွန်မနှင့်အမေ၏ဆက်ဆံရေး ပိုနက်ရှိုင်းလာသည်။

ရှင်ယေရှုကိုယုံကြည်သူတို့သည် လူသားတို့အတွက် အကြီးမြတ်ဆုံးသော လက်ဆောင်ဖြစ်သည့် ခရစ်တော်ထံသို့ တိုးဝင်ခွင့်ရသည်။ တမန်တော် ရှင်ပေါလုက “ထိုသခင်ကို သိခြင်း၏အမွှေးအကြိုင်သည် (ကျွန်ုပ်)တို့အားဖြင့် အရပ်ရပ်တို့၌ နှံ့ပြားစေ”ရန် မိန့်ကြားခဲ့သည် (၂ ကော ၂:၁၄)။ သူက သတင်းကောင်းဝေမျှသူတို့သည် ယုံကြည်သူတို့အတွက် “ခရစ်တော်၏အမွှေးအကြိုင်”၊ သခင့်ကို ငြင်းပယ်သူတို့အတွက် သေခြင်း၏အမွှေးအကြိုင် ဖြစ်ကြသည်ဟု ရည်ညွှန်းခဲ့သည် (၂:၁၅-၁၆)။

ခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံပြီးနောက်တွင် အခြားသူများကို မေတ္တာပြရင်း အသက်တာကိုပြောင်းလဲစေသည့် ခရစ်တော်၏သမ္မာတရားကို ပြောပြရန် လောက၌ ကျွန်မတို့ရှင်သန်ရှိနေသည့်အချိန်ကို အသုံးချရန် အခွင့်ရှိပါသည်။ အခက်ခဲဆုံးနှင့် အထီးကျန်ဆုံးအချိန်များတွင် ဘုရားရှင်သည် ကျွန်မတို့လိုအပ်သည်များကို ထောက်ပံ့ပေးမည်ဟု စိတ်ချထားနိုင်သည်။ မည်သို့ပင် ပေးဆပ်ရမှုများရှိပါစေ၊ ဘုရားသခင်၏သတင်းကောင်းကို အစဥ်ဝေငှပြောထိုက်ပါသည်။