၁၇၉၉ ခုနှစ်က (၁၂) နှစ်သား Conrad Reed (ခွန်ရတ် ရိဒ်)သည် အမေရိကန်နိုင်ငံ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရှိ မိသားစုပိုင်လယ်ကွင်းငယ်၌ ဖြတ်သန်းစီးဆင်းသည့် ချောင်းငယ်မှ ရွှေရောင်လက်နေသည့် ကျောက်တုံးကိုတွေ့ပြီး နယ်မြေပြောင်းရွှေ့အခြေစိုက်သူ ဆင်းရဲသားလယ်သမား ဖခင်ကိုပြရန် အိမ်သို့ယူလာသည်။ ကျောက်တုံး၏တန်ဖိုးကိုမသိသော ဖခင်က တံခါးခုသည့်ခုတုံးအဖြစ် အသုံးပြုသည်။ သူတို့မိသားစုသည် ထိုကျောက်တုံးအနီး နှစ်များစွာ ကျော်ဖြတ်သွားလာခဲ့သည်။

နောက်ဆုံးတွင် ခွန်ရတ်၏ (၁၇) ပေါင်လေးသော ထိုရွှေတုံးကြီးကို ဒေသခံ ရတနာကုန်သည်တစ်ဉီးက မြင်သွားသည်။ များမကြာမီတွင် ရိဒ်မိသားစု ချမ်းသာလာပြီး သူတို့၏လယ်ကွက်သည် အမေရိကန်ပြည်ထောင်စု၏ ပထမဉီးဆုံး ရွှေထွက်သည့် နေရာဖြစ်လာသည်။

တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် မိမိ၏ကိုယ်ပိုင် အစီအစဉ် နည်းလမ်းများကိုသာ အာရုံစိုက်ပြီး ကောင်းချီးမင်္ဂလာကိုမသိဘဲ ကျော်ဖြတ်သွားကြသည်။ ဘုရားရှင်ကို မနာခံခြင်းကြောင့် ဗာဗုလုန်သို့ ဖမ်းသွားခေါ်ဆောင်ခံရသည့် ဣသရေလလူမျိုးများအတွက် နောက်တစ်ဖန် လွတ်မြောက်ခွင့်ကို ပေးမည်ဟု ကိုယ်တော်မိန့်ကြားသည်။ ထို့ပြင် သူတို့လက်လွတ်သွားသည့်အရာကိုလည်း သတိပေးခဲ့သည်။ “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်၍ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင်၊ သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်း တံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်” ဟုမိန့်မြွက်လျက် “ဗာဗုလုန်မြို့ထဲက ထွက်ကြလော့။ … ဤသတင်းစကားကို မြေကြီးစွန်းတိုင်အောင် ပြန်ပြောမြွက်ဆို၍ အသံကိုလွှင့်ကြလော့” (ဟေရှာ ၄၈:၁၇-၁၈၊ ၂၀)ဟု ဣသရေလလူမျိုးများအား လမ်းဟောင်းကို သွေဖီကာ ဘဝအသစ်တွင် သူ့နောက်လိုက်ရန် ဘုရားသခင် အားပေးဖိတ်ခေါ်ခဲ့သည်။

ဗာဗုလုန်မှ ထွက်သွားခြင်းသည် ထိုစဥ်ကကဲ့သို့ပင် ဒုစရိုက်ကို ကျောခိုင်းချန်ရစ်ပြီး၊ သူ့နောက်တော်သို့ နာခံလိုက်လျှောက်လျှင် ကျွန်ုပ်တို့ကိုကျေးဇူးပြုလိုသည့် ဘုရားရှင်ထံ အိမ်ပြန်လာရမည့်အဓိပ္ပာယ်ပင် ဖြစ်သည်။