ကျွန်မ၏မိနစ် (၄၀) စာ လေ့ကျင့်ခန်းအပြီးတွင် ကျွန်မ၏နည်းပြက “ခွန်အားအပြည့်နဲ့ အဆုံးသတ်မယ်နော်”ဟု အော်ပြောလိမ့်မည်မှာ သေချာသည်။ ကျွန်မသိသည့် ကိုယ်ကာယနည်းပြတိုင်းလိုလိုက လေ့ကျင့်ခန်း အပြီးသတ်လောက်တွင် ဤစကားလုံးကို သုံးတတ်သည်။ လေ့ကျင့်ခန်းတစ်ချိန်စာ၏ အဆုံးသတ်သည် လေ့ကျင့်ခန်းအစကဲ့သို့ အရေးကြီးသည်။ လူ့ခန္ဓာကိုယ်သည် အတန်ငယ် လှုပ်ရှားပြီးသည့်အခါတွင် နွမ်းနယ်လာပြီး လှုပ်ရှားမှုအရှိန် နှေးကွေးလာသည်ကို နည်းပြများက သိကြသည်။

သခင်ယေရှုနှင့် လျှောက်လှမ်းရာတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ ရှင်ပေါလုသည် ခရစ်တော်၏တပည့်တော်အနေဖြင့် သေချာပေါက်ညှဉ်းဆဲခြင်းခံရမည့် ယေရုရှလင် မြို့သို့ သွားရမည်ဖြစ်ပြီး သူ့အနေဖြင့် အကောင်းဆုံး အဆုံးသတ်လိုအပ်သည်ဟု ဧဖက်အသင်းတော်မှ အသက်ကြီးသူများကို ပြောသည် (တ ၂၀ :၁၇-၂၄)။ သို့သော် ပေါလုသည် ခိုင်မာတည်ကြည်သည်။ ဘုရားသခင်လုပ်စေချင်သည့် အမှုကိုပြုရန်၊ သူအစပြုခဲ့ပြီးသည့်အမှုကို အဆုံးသတ်ရန် သူ၌ ရည်မှန်းချက်ရှိသည်။ သူ့၌ “ဘုရား၏ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို” ကြားပြောရန် တာဝန်ရှိသည်(:၂၄)။ ထိုတာဝန်ကို သူရေကုန်ရေခမ်း လုပ်ဆောင်ပြီး ခွန်အားအပြည့်နှင့် အဆုံးသတ်လိုသည်။ ခက်ခဲကြမ်းတမ်းမှုများ စောင့်ကြိုနေပါစေ(:၂၃)၊ အာရုံစူးစိုက်ပြီး သူ၏ခရီးတွင် သစ္စာရှိဖို့ စိတ်ပိုင်းဖြတ်ပြီး ပန်းတိုင်သို့ အားကုန်သုံးကာ သူပြေးခဲ့သည်။

ခန္ဓာကိုယ်ရှိ ကြွက်သားများ သန်မာဖို့အတွက် လေ့ကျင့်ခန်းလုပ်သည်ဖြစ်စေ၊ မိမိ၏အပြုအမူ၊ စကားလုံးနှင့် လုပ်ရပ်အားဖြင့် ဘုရားပေးသည့် စွမ်းရည်များကို အသုံးပြုသည်ဖြစ်စေ၊ ခွန်အားအပြည့်နှင့် အဆုံးသတ်နိုင်ရေး သတိပေးချက်သည် ကျွန်မတို့အတွက် ခွန်အားဖြစ်စေပါသည်။ အားမလျော့၊ စိတ်မပျက်လိုက်ပါနှင့်(ဂလာ ၆:၉)။ အဆုံးထိ တည်ကြည်နိုင်အောင် ဘုရားသခင်ကူမလိမ့်မည်။