“နိုး၊ ကျွန်တော်လုပ်တာမဟုတ်ဘူး”ဟု ဂျိန်း၏ဆယ်ကျော်သက်အရွယ် သားငယ်ကငြင်းသည်။ သားငယ်အမှန်အတိုင်းပြောခြင်း မဟုတ်မှန်းသူသိ၍ သူစိတ်မကောင်း ဖြစ်သွားသည်။ စိုင်မွန်အား ဘာဖြစ်တာလဲဟု ထပ်မမေးခင် ဘုရားရှင်ထံဆုတောင်း လိုက်သည်။ စိတ်တိုပြီး ဂျိန်း လက်ရွယ်မိသည့်အချိန်ထိ စိုင်မွန် ဆက်လိမ်နေသည်။ သူမ အချိန်ခဏယူမည်ဆိုကာ လှည့်ထွက်လိုက်သည့်အခိုက် ပုခုံးပေါ်သို့ လက်တစ်ဘက်ကျလာသည်ကို ခံစားရပြီး သားထံမှ တောင်းပန်စကားကို ကြားခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဖွင့်ပြမှုကို သိပြီး သူနောင်တရခဲ့ပါသည်။

ဓမ္မဟောင်းမှ ယောလအနာဂတ္တိကျမ်းတွင် ထာဝရဘုရားသည် သူ့ထံစိတ်နှလုံးအကြွင်းမဲ့ ပြန်လာခြင်းကို ကြိုဆိုနေခြင်းကြောင့် (၂:၁၂) သူ့လူတို့အား အပြစ်မှအမှန်တကယ် နောင်တရရန် ကိုယ်တော်ဖိတ်ခေါ်သည်။ အပြင်ပန်း နောင်တရရုံသက်သက် မဟုတ်ပဲ “အဝတ်ကို မဆုတ်ဘဲ၊ နှလုံးကို ဆုတ်လျက်” မာကြောသော စိတ်သဘောပြောင်းလဲမှုကို ဘုရားသခင်ရှာဖွေသည်။ ကိုယ်တော်သည် “ချစ်သနားခြင်းမေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်သောသဘော၊ အလွန်ကျေးဇူးပြုချင်သောသဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သောသဘော” ရှိကြောင်း ဣသရေလအမျိုးသားတို့အား ယောလက သတိပေးပြောကြားသည် (:၁၃)။

အမှားလုပ်မိသည့်အခါ မာနစိတ်ဖြင့် အပြစ်ဝန်မခံချင်သောကြောင့် အပြစ်ဝန်ခံရခြင်းက ခက်ခဲသည်ဟု ကျွန်ုပ်တို့ မြင်ကောင်းမြင်လိမ့်မည်။ အမှန်တရားကို မဆိုစလောက်လှည့်စားကာ မိမိလုပ်ရပ်အတွက် “အဖြူရောင်မုသား အနည်းအကျဥ်း”ဟု ကျွန်ုပ်တို့ ဆင်ခြေပေးတတ်ကြသည်။ သို့သော် နောင်တရရန် အတည်ပြောနေသည့် ဘုရားရှင်၏ နူးညံ့သောနှိုးဆော်မှုကို အလေးထား လိုက်နာသောအခါ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များကိုလွှတ်၍ ဒုစရိုက် ရှိသမျှနှင့် ကင်းစင်စေမည်ဖြစ်သည် (၁ ယော ၁:၉)။ မိမိသည် ခွင့်လွှတ်ခံရပြီဟု သိသောအခါ အပြစ်ရှိသည့်ခံစားချက်၊ အရှက်တကွဲခံစားချက်များမှ လွတ်မြောက်နိုင်ပါပြီ။