၁၉၈၀ နှစ်များအစောပိုင်းတွင် ဘုရားသခင်ကိုမယုံကြည်သော နာမည်ကျော် နက္ခတ်ပညာရှင်တစ်ဉီးက “သဘာဝပင်ကိုယ်အသိဖြင့် အကြောင်းတရားများကို အနက်ဖွင့်ဆိုရမည်ဆိုလျှင် ဉာဏ်ကြီးရှင်တစ်ဦးက ဇီဝ၊ ရူပ၊ ဓာတု သဘောတရားများကို အသုံးချကာ ဆော့ကစားနေခြင်းဖြစ်သည်”ဟု ရေးသားခဲ့သည်။ ဤသိပ္ပံ ပညာရှင်၏အမြင်၌ စကြဝဠာကြီးတွင် ကျွန်ုပ်တို့လေ့လာနေသည့် အရာအားလုံးကို ‘တစ်စုံတစ်ခု’က ဒီဇိုင်းပြုလုပ်ထားကြောင်း နိယာမများက သက်သေပြနေသည်။ “ဤသဘာဝတရားကြီး၌ စကားထဲထည့်ပြောထိုက်သည့် လှည့်စားသောစွမ်းအင် တစ်ခုမှ မရှိပါ”ဟု သူထပ်ဆိုခဲ့သည်။ တစ်နည်းအားဖြင့်၊ ကျွန်ုပ်တို့ မြင်တွေ့ရသမျှ အရာရာတိုင်းသည် တစ်စုံတစ်ဉီးက ကြိုတင်စီစဉ်ထားသလို ကွက်တိဖြစ်နေသည်။ သို့သော်လည်း ထိုပညာရှင်သည် ဘုရားမဲ့ဝါဒီတစ်ဉီးအဖြစ် ဆက်ရှိနေခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်ကျော်ခန့်က ဉာဏ်ပညာထက်မြက်သူတစ်ဉီးက ကောင်းကင်ကြီးကိုကြည့်ပြီး အခြားတစ်နည်းဖြင့် နိဂံုးချုပ်ခဲ့သည်။ “လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကို လည်းကောင်း၊ ပြင်ဆင်တော်မူသော လနှင့် ကြယ်များကိုလည်းကောင်း၊ အကျွန်ုပ် ဆင်ခြင်သော်၊ လူသည် အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ … အကြည့်အရှုကြွလာတော်မူ ရသနည်း” (ဆာ ၈:၃-၄)ဟု ဒါဝိဒ်ပြောခဲ့သည်။

ဘုရားသခင်သည် ကျွန်ုပ်တို့ကို အင်မတန် ဂရုစိုက်ပါသည်။ “ကျွန်ုပ်တို့၏ စိတ်နှလုံး”ကိုပြုပြင်သော၊ သူ့လက်ရာတော်များကို ဆင်ခြင်စေသော “ဉာဏ်ကြီးရှင်”၊ ပြောင်မြောက်လှသော စကြဝဠာ၏ဒီဇိုင်နာအကြောင်းကို စကြဝဠာကြီးက ပြောပြနေသည်။ သခင်ယေရှုနှင့် ဖန်ဆင်းခြင်းအရာများအားဖြင့် ဘုရားသခင်ကို သိနိုင်သည်။ ရှင်ပေါလုက “(ခရစ်တော်)သည် ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဉီးဖြစ်တော်မူ၏။ … ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော … ခပ်သိမ်း သောအရာတို့ကို … ထိုသခင်အားဖြင့်လည်းကောင်း … ဖန်ဆင်းလျက်ဖြစ်ကြ၏” (ကော ၁:၁၅-၁၆) ဟု ရေးသားဖော်ပြထားပါသည်။

စင်စစ် စကြဝဠာကြီးကို ဆော့ကစားနေသော ဉာဏ်ကြီးရှင် ဒီဇိုင်နာကို ရှာဖွေလိုသောသူတိုင်း မည်သူမဆို ရှာဖွေနိုင်ပါသည်။