ဗိုလ်ချူပ်ကြီး Charles Gordon (ချားလ်စ် ဂေါ်ဒန်) (၁၈၃၃-၁၈၈၅)သည် ဘုရင်မကြီး Victoria (ဗစ်တိုးရီးယား)အား တရုတ်ပြည်နှင့် အခြားသောနေရာဒေသများတွင် အမှုထမ်းခဲ့သော်လည်း အင်္ဂလန်ပြည်တွင် နေထိုင်စဥ် သူ၏ဝင်ငွေ (၉၀) ရာခိုင်နှုန်းကို ပေးကမ်းလှူဒါန်းခဲ့သည်။ လန်ခတ်ရှိုင်းယားပြည်နယ်တွင် အစာ ရေစာခေါင်းပါးမှုကြုံနေသည်ဟု ကြားသောအခါ၊ သူသည် ကမ္ဘာ့ခေါင်းဆောင် တစ်ဦးထံမှ ရရှိသော ရွှေစင်ရွှေတံဆိပ်ပေါ်တွင် ရေးထိုးသော ကဗျည်းစာကို ဖျက်ပြီး၊ နိုင်ငံမြောက်ပိုင်းသို့ပို့လိုက်သည်။ ၎င်းရွှေကို အရည်ကျိုပြီးရောင်းရငွေဖြင့် ဆင်းရဲသားများအတွက် အစားအစာဝယ်ရန် မှာကြားခဲ့သည်။ ထိုနေ့တွင် သူ၏ နေ့စဥ်မှတ်တမ်း၌ “ဤလောကတွင် ကျွန်ုပ်၌ နောက်ဆုံးကျန်ရှိသည့်အရာ၊ ကျွန်ုပ်တန်ဖိုးထားရသည့်အရာကို သခင်ယေရှုအား ပေးပါ၏” ဟူ၍ရေးသားထားသည်။
ဗိုလ်ချုပ်ကြီးဂေါ်ဒန်၏ ပေးကမ်းရက်ရောသောစေတနာသည် ကျွန်ုပ်တို့ ပေးလှူနိုင်သည်ထက် မြင့်မားသာလွန်နေသော်လည်း ဘုရားသခင်သည် လိုအပ်သူ၊ ဆင်းရဲသူများအား သတိပြုလျက် ကြည့်ရှုစောင့်ရှောက်ရန် သူ့လူတို့အား အစဥ်မိန့်မှာသည်။ မောရှေမှတစ်ဆင့်မိန့်ကြားသည့် ပညတ်တော်များ၌ လယ်ကွက်ထောင့်စွန်းတွင်ရှိသော ကောက်နှံများကို ရိတ်သိမ်းခြင်းမပြုရန်၊၊ ကောက်နှံအားလုံးကို ဘာမှမကျန်အောင် ရိတ်သိမ်းခြင်းမပြုရန် ညွှန်ကြားခဲ့သည်။ စပျစ်သီးခူးဆွတ်သည့်အခါ အောက်ကျသွားသောအသီးများကို ဆင်းရဲသောသူများနှင့် ဧည့်သည်အာဂန္တုများအတွက်” ချန်ရစ်ထားခဲ့ရန် မိန့်ကြားသည် (ဝတ် ၁၉:၁၀)။ သူ၏လူမျိုးတော်တို့အား သူတို့ကြားတွင်ရှိသည့် အားနည်းသူများကို သိရန်၊ မစကူညီရန် ဘုရားရှင်အလိုရှိသည်။
မိမိသည် စေတနာစိတ်အလွန်ရက်ရောသည်ဟု မည်မျှပင်ခံစားရလည်း အခြားသူအား တိုး၍ပေးကမ်းလိုသောဆန္ဒရှိရန် ဘုရားရှင်ထံ တောင်းခံနိုင်ပြီး၊ သစ်ဆန်းသောနည်းလမ်းများဖြင့် ပေးလှူနိုင်ရန် ဘုရားရှင်၏ဉာဏ်ပညာတော်ကို တောင်းခံနိုင်သည်။ အခြားသူများအား ဘုရားသခင်၏ချစ်မေတ္တာကို ကျွန်ုပ်တို့ပြသနိုင်အောင် ကူမရခြင်းကို ကိုယ်တော်နှစ်သက်သည်။