ရိုးရာဂျပန်လူမျိုးတို့၏ ကိုယ်ခံပညာရပ် ‘aikido’ (အိုက်ကီဒို) သင်တန်းအစသည် အံ့ဩဖွယ်ရာ အမြင်ပွင့်စေသည်။ ‘စန်စေ’ သို့မဟုတ် ဆရာက တိုက်ခိုက်သူနှင့် ရင်ဆိုင်ရချိန်တွင် ပထမဦးဆုံးတုံ့ပြန်မှုမှာ “ထွက်ပြေးရန်” ဖြစ်သည်ဟုဆိုသည်။ “မပြေးနိုင်မှသာ တိုက်ခိုက်ပါ” ဟု သူက အလေးအနက် ပြောသည်။

“ထွက်ပြေးရမယ်”ဆို၍ ကျွန်တော်အံ့သြမိသည်။ အဆင့်မြင့် ကိုယ်ခံပညာ ကျွမ်းကျင်သောဆရာက မတိုက်ခိုက်ဘဲ ထွက်ပြေးရန် အဘယ့်ကြောင့်ပြောသနည်း။ ၎င်းသည် ပြန်တိုက်ခိုက်ရန်ဆိုသည့် သာမန်ရိုးရိုးအတွေးနှင့် ဆန့်ကျင်ဘက် ဖြစ်နေပုံထင်ရသည်။ ပထမအဆင့်တွင် တိုက်ခိုက်မှုကို ရှောင်ခြင်းက မိမိကိုယ်ကို ကာကွယ်ရန် အကောင်းဆုံးသော အနေအထားဖြစ်ကြောင်း ရှင်းပြမှ “ဟုတ်သားပဲ” ဟု သဘောပေါက်သွားသည်။

သခင်ယေရှုကို ဖမ်းဆီးရန် လူများစွာရောက်လာသောအခါ ပေတရုသည် ကျွန်ုပ်တို့လုပ်မည့်ပုံစံအတိုင်း သူ၏ဓားကို ဆွဲထုတ်ကာ လူတစ်ဦးကို တိုက်ခိုက်သည် (မ ၂၆:၅၁၊ ယော ၁၈:၁၀)။ သို့သော် သခင်ယေရှုက ဓားကိုချရန်ပြောပြီး “သို့ဖြစ်လျှင် ဤသို့သောအမှုအရာတို့သည် ဖြစ်ရမည်ဟူသော ကျမ်းစာချက် သည် အဘယ်သို့ပြည့်စုံအံ့နည်းဟု မိန့်တော်မူ၏” (မ ၂၆:၅၄)။

တရားမျှတမှုရရန် အရေးကြီးသကဲ့သို့ ဘုရားသခင်၏ နိုင်ငံတော်နှင့် အကြံအစည်ကို နားလည်ခြင်းသည်လည်း အရေးပါသည်။ ရန်သူကိုချစ်ရန်နှင့် အဆိုးကို ကြင်နာမှုအကောင်းဖြင့် တုံ့ပြန်ရန် (၅:၄၄) ကျွန်ုပ်တို့ကို စေစားသည့် နိုင်ငံတော်သည် “လောကီနိုင်ငံကို မှောက်လှန်သောနိုင်ငံတော်” ဖြစ်သည်။ ၎င်းသည် လောက၏တုံ့ပြန်မှုနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့အထဲတွင် ထိုသို့တုံ့ပြန်မှုကို ပျိုးထောင်ပေးရန် ဘုရားသခင်နည်းလမ်းရှာကြံသည်။

ရှင်လုကာခရစ်ဝင် ၂၂:၅၁ တွင် ပေတရု ခုတ်ဖြတ်ခဲ့သူတစ်ဦး၏နားရွက်ကို သခင်ယေရှု ကုသပျောက်ကင်းစေကြောင်း တွေ့ရသည်။ ကျွန်ုပ်တို့ လိုအပ်သောအရာကို ဘုရားသခင်ထောက်ပံ့သည် ဖြစ်သောကြောင့် ငြိမ်းချမ်းခြင်းနှင့် ပြန်လည်သင့်မြတ်ခြင်းကို အစဥ်ရှာဖွေလျက် ခက်ခဲသောအခြေအနေများ၌ သခင့်နည်းတူ တုံ့ပြန်နိုင်အောင် ကျွန်ုပ်တို့သင်ယူနိုင်ပါစေ။