ကျွန်မတို့နေထိုင်သည့် အမေရိကန်နိုင်ငံ၊ ကိုလိုရာဒိုပြည်နယ်၌ အပူချိန်ပြောင်းလဲမှု မြန်ဆန်လှသည်။ တစ်ခါတစ်ရံ မိနစ်ပိုင်းအတွင်း ပြောင်းလဲသည်။ ထိုကြောင့် ကျွန်မခင်ပွန်း Dan (ဒန်)က ကျွန်မတို့ အိမ်ထဲ၌ အပူချိန် ခြားနားမှုအမျိုးမျိုးကို စိတ်ဝင်စားပြီး စူးစမ်းသည်။ သို့နှင့် ပစ္စည်းအသစ်အဆန်းကို စိတ်ဝင်စားသူ ဖြစ်သည့်အလျောက် ဒန်သည် ကျွန်မတို့အိမ်၏နေရာ (၄) နေရာ၏ အပူချိန်ကို တိုင်းတာသိရှိနိုင်ရန် နောက်ဆုံးပေါ် ပစ္စည်းသစ်တစ်မျိုးကို စိတ်လှုပ်ရှားစွာ တပ်ဆင်ခဲ့သည်။ “ကြံကြံဖန်ဖန်”ဟု ကျွန်မနောက်ပြောင်ခဲ့သော်လည်း ကျွန်မကိုယ်တိုင် အပူချိန်ကို မကြာခဏ ကြည့်မိသဖြင့် ကိုယ့်ကိုကိုယ် အံ့သြမိသည်။ အိမ်တွင်းအိမ်ပြင် အပူချိန် ခြားနားမှုက စိတ်ဝင်စားစရာ ကောင်းနေတော့သည်။

သခင်ယေရှုသည် လောဒိကိအသင်းတော်၏ ‘နွေးရုံရှိသည့်’ အခြေအနေကို အပူချိန်အားဖြင့် ပြခဲ့သည်။ ၎င်းသည် ဗျာဒိတ်ကျမ်း၌ ဖော်ပြသည့် အကြွယ်ဝဆုံး အသင်းတော် (၇) ပါးအနက် တစ်ပါးဖြစ်သည်။ စည်းစိမ်ဉစ္စာများပြားခြင်း၊ အထည်၊ ဆေးအထောက်အပံ့ အပြည့်အစုံရှိလင်ကစား သောက်သုံးရေ မကောင်းပါ။ ထိုကြောင့် ရေပူကန်မှရေများကို ရေနှုတ်မြောင်းဖြင့် သွယ်ယူရသည်။ ထို့ကြောင့် လောဒိကိမြို့သို့ ရေရောက်လာချိန်တွင် ရေမှာ မပူမအေး၊ နွေးနွေးဖြစ်နေသည်။

လောဒိကိအသင်းတော်သည်လည်း မပူမအေးနှင့် အားတက်သရောမရှိဖြစ်နေသည်။ “သင်၏အကျင့်ကို ငါသိ၏။ သင်သည် အအေးမဟုတ်၊ အပူမဟုတ်သည်ကို ငါသိ၏။ အေးခြင်းဖြစ်စေ၊ ပူခြင်းဖြစ်စေ တစ်ခုခုကို ငါအလိုရှိ၏။ ထိုသို့အအေးမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကို ထွေးလုပြီ”(ဗျာ ၃:၁၅-၁၆) ဟု သခင်ယေရှု မိန့်မြွက်သည်။ ခရစ်တော်ရှင်းပြသကဲ့သို့ပင် “ငါချစ်သမျှသောသူတို့၏အပြစ်ကို ငါစစ်ဆေး၍ သူတို့ကို ဆုံးမတတ်၏။ ထို့ကြောင့် ကိုယ့်စိတ်ကိုကိုယ် နှိုးဆော်လော့။ နောင်တရလော့” (:၁၉)။

ကယ်တင်ရှင်၏တောင်းပန်မှုက ကျွန်ုပ်တို့အတွက်လည်း အဆောတလျင် ဖြစ်သည်။ ဝိညာဉ်ရေး၌ မပူမအေးဖြစ်နေပါသလား။ သခင်၏ပြုပြင်ပေးမှုကို လက်ခံပြီး ကိုယ့်ကိုကိုယ်နှိုးဆော်လျက် တောက်လောင်သောယုံကြည်ခြင်းဖြင့် အသက်ရှင်နိုင်အောင် မစရန် တောင်းခံပါလေ။