‘Narrow Door Cafe’ (ဝင်ပေါက်ကျဥ်းသည့် ကဖေး)ဆိုင်ကို ရှာတွေ့ပြီး ဆိုင်ထဲဝင်လာသူတို့အား လခြမ်းကွေးပေါင်မုန့်၊ ပေါက်စီ၊ ဝက်သားဟင်းလျာနှင့် ချိုမြိန်စားဖွယ်အမျိုးမျိုးက ဆီးကြိုနေပါသည်။ ထိုင်ဝမ်လူမျိုးတို့၏မြို့တော် Tainan (ထိုင်နန်)မြို့၌တည်ရှိသော ဤကော်ဖီဆိုင်သည် နံရံပေါ်ရှိ အပေါက်တစ်ခုသာဖြစ်သည်။ ဝင်ပေါက်က (၄၀) စင်တီမီတာ (၁၆ လက်မပင် မရှိသည့်) အကျယ်ရှိပြီး မပိန်မဝ သာမန်ခန္ဓာကိုယ်ပိုင်ရှင်တို့သာ ကပ်သပ်ဝင်ရောက်နိုင်သည်။ ဤသို့ပင်ဖြစ်လင့်ကစား တစ်မူထူးသည့် ဤကဖေးက လူများစွာကို ဆွဲဆောင်နေသည်။

ရှင်လုကာခရစ်ဝင် ၁၃:၂၂-၃၀ ၌ ဖော်ပြပါရှိသည့် ကျဉ်းသောတံခါးဆိုလျှင် ထိုသို့ ဖြစ်ပါမည်လော။ လူတစ်ဉီးက သခင်ယေရှုအား “သခင်၊ ကယ်တင်ခြင်းသို့ ရောက်သောသူတို့သည် များသလော၊ နည်းသလော” (:၂၃)ဟု မေးရာ၊ ကိုယ်တော်က ဘုရားသခင်၏နိုင်ငံတော်သို့ ပို့ဆောင်မည့် “ကျဉ်းမြောင်းသောတံခါးဝသို့ဝင်ခြင်းငှာ ကြိုးစားအားထုတ်ကြလော့” (:၂၄)ဟု ပြန်ဖြေခဲ့သည်။ “ကယ်တင်ခြင်းသို့ ရောက်သောသူတို့တွင် သင်ပါပြီလား”ဟု ကိုယ်တော်က ထိုလူအား အဓိက မေးလိုက်ခြင်းဖြစ်သည်။ သခင်ယေရှုက ဂျူးလူမျိုးတို့အား ဤပုံဉပမာအားဖြင့် ခိုင်းနှိုင်းကာ မိမိကိုယ်ကိုယုံကြည်မှု မလွန်ကဲရန် တိုက်တွန်းခြင်းဖြစ်သည်။ လူအများစုက သူတို့သည် အာဗြံဟံ၏ အမျိုးအနွယ်ဖြစ်ခြင်းကြောင့်၊ ပညတ်တော်တို့ကို စောင့်ထိန်းခြင်းကြောင့် ဘုရားသခင်၏နိုင်ငံတော်၌ သူတို့ ရေတွက်ဝင်ခြင်းခံရမည်ဟု ယုံကြည်ကြသည်။ သို့သော် ရှင်ယေရှုက “အိမ်ရှင်သည် တစ်ခါထ၍ တံခါးကို” မပိတ်မီတွင် သူ့ကိုတုံ့ပြန်ရန် သူတို့အား စိန်ခေါ်ခဲ့သည် (:၂၅)။

မိသားစုမျိုးရိုးနောက်ခံ၊ မိမိ၏အကျင့်သီလများက ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်အောင် မလုပ်ပေးနိုင်ပါ။ သခင်ယေရှုကို ယုံကြည်ခြင်းကသာ ကျွန်ုပ်တို့ကို အပြစ်နှင့်သေခြင်းမှ ကယ်တင်နိုင်သည် (ဧ ၂:၈-၉၊ တိ ၃:၅-၇)။ တံခါးဝသည် ကျဉ်းမြောင်းသော်လည်း သခင်ယေရှုကို ယုံကြည်လက်ခံလိုသူတိုင်းအတွက် ကျယ်ဝန်းစွာ ဖွင့်ထားပေးပါသည်။ သူ၏နိုင်ငံတော်သို့ ကျဉ်းသောတံခါးဝမှ ဝင်ရောက်ရန် အခွင့်အရေးကို အမိအရကိုင်ဆွဲရန် ယနေ့ သခင်ဖိတ်ခေါ်နေပါသည်။