လမ်းထဲရှိ မီးသတ်ဘုံပိုင်ခေါင်းမှ ပန်းထွက်လာသောရေများကို မြင်ရသည့်အခိုက် အခွင့်အရေးတစ်ခုကို ကျွန်ုပ်မြင်ပါသည်။ ကျွန်ုပ်ရှေ့မှကားများပေါ်သို့ ရေဖြန်းသကဲ့သို့ ရေစင်သည်ကို တွေ့ရသဖြင့် “အို၊ ကားကို အလကား ရေဆေးခွင့်ရတော့မယ်”ဟု တွေးမိသည်။ ကားရေမဆေးရသည်မှာ တစ်လခန့်ရှိပြီဖြစ်၍ ဖုန်ထူနေပါသည်။ ရေပန်းအောက်သို့ ကားကို ကျွန်ုပ်မောင်းချလိုက်သည်။

အဖြစ်အပျက်က မြန်ဆန်သည်။ ထိုမနက်က ကျွန်ုပ်၏အနက်ရောင်ကားလေးမှာ နေထိခဲ့သဖြင့် ကားမှန်ရော၊ ကားအတွင်း၌ ပူနေပါသည်။ မီးသတ်ရေပိုက်ခေါင်းမှ ရေများ ကားရှေ့မှန်ပေါ်သို့ ကျလာသည်နှင့် လျှပ်စီးပြက်သကဲ့သို့ ကားမှန်က အထက်မှ အောက်သို့ အက်သွားတော့သည်။ ကားအလကား ဆေးရမလား မှတ်တယ်။ ငွေများစွာ ကုန်ကျသည့်အဖြစ်၌ ကျွန်ုပ်ဂိတ်ဆုံးသွားသည်။

စဉ်းစားရန် (သို့) ဆုတောင်းရန် ကျွန်ုပ်ခေတ္တမျှ ရပ်မိခဲ့လျှင် အကောင်းသား။ ထိုအချိန်မျိုး အမြဲဖြစ်နေပါသလား။ ဣသရေလလူမျိုးတို့သည် သာ၍လေးလံဖိစီး သည့် အခြေအနေများ၌ ထိုသို့ဖြစ်သည်။ ဘုရားသခင်ပေးသောပြည်သို့ ၎င်းတို့ ဝင်ရောက်စဉ် မှားယွင်းသောဘုရားများ၏ သွေးဆောင်မှုမခံရလေအောင် (တရား ၂၀:၁၆-၁၈) အခြားတစ်ပါးအမျိုးသားတို့ကို နှင်ထုတ်နိုင်အောင် ကူမတော်မူမည်ဟု ကိုယ်တော်ကတိပြုခဲ့သည်။ သို့သော် လူမျိုးတစ်မျိုးက ဣသရေလလူမျိုးတို့၏ အောင်မြင်မှုကို တွေ့မြင်ပြီး၊ ၎င်းတို့သည် ဝေးသော ပြည်မှလာသည်ဟု ယုံကြည်အောင် မှိုတက်သောမုန့်များဖြင့် သူတို့ကို လှည့်စားခဲ့သည်။ “ဣသရေလလူတို့သည် ထာဝရဘုရားထံတော်၌ အခွင့်မပန်ဘဲ ထိုသူတို့၏ရိက္ခာကို စားကြ၏”။ ဘုရားသခင်၏ညွှန်ကြားချက်ကို ရှောင်ဖယ်မိမှန်း မသိလိုက်ဘဲ “ယောရှုသည်လည်း သူတို့ကို စစ်မှုနှင့်လွတ်စေ၍ … မိတ်သဟာယဖွဲ့၏” (ယောရှု ၉:၁၄-၁၅)။

ဆုတောင်းခြင်းအမှုကို အဆုံးထက် အစကပင် လုပ်ဆောင်သောအခါ ဘုရားသခင်၏လမ်းညွှန်မှု၊ ပညာတော်နှင့်ကောင်းချီးများကို ကြိုဆိုလက်ခံခြင်းပင် ဖြစ်သည်။ ယနေ့တွင် ကျွန်ုပ်တို့ “ခေတ္တရပ်တန့်”ဖို့ သတိရရန် ဘုရားသခင်မစတော်မူပါစေ။