စလိုဗီးနီးယားနိုင်ငံအနောက်ပိုင်း ချောင်ကျပြီး ဝေလံခေါင်သီသည့် ကျဉ်းမြောင်းသော လျှိုမြောင်ရှိ Franja Partisan (ဖရန်ဂျာ ပါတီစန်)ဆေးရုံ၏ လျှို့ဝှက်ဆေးဝါးထောက်ပံ့ရေးဌာနသည် နာဇီတို့လက်မှလွတ်အောင် ပုန်းရှောင်နေရသည့် ဆေးဝန်ထမ်းများအား နေရာထိုင်ခင်းပေးလျက် ဖွက်ထားပေးပြီး၊ ထိုဝန်ထမ်းများက ဒုတိယကမ္ဘာစစ်အတွင်း ဒဏ်ရာရ စစ်သားထောင်ပေါင်းများစွာကို ကြည့်ရှုပြုစုခဲ့ရသည်။ ထိုဌာနကို စုံစမ်းဖော်ထုတ်ရန် နာဇီတို့၏ကြိုးပမ်းမှုအတော်များများကို ခြေရာဖျောက်ရှောင်လွဲနိုင်ခြင်းက မှတ်သားလောက်သည့် အောင်မြင်မှုဖြစ်သော်လည်း ပိုထူးခြားသည်မှာ စလိုဗီးနီးယား တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့က တည်ထောင်ပြီး လှုပ်ရှားလည်ပတ်နေသည့် ထိုဆေးရုံသည် မဟာမိတ်တပ်များသာမက နာဇီစစ်သားများကိုပါ လက်ခံကုသပေးခဲ့သည်။ ဆေးရုံမှ လူတိုင်းကို လက်ခံကြိုဆိုခဲ့သည်။
သမ္မာကျမ်းစာက လောကသားအပေါင်းတို့၏ ဝိညာဉ်ရေးရာ အနာငြိမ်းရေး အတွက် ကူညီပေးရန် ကျွန်ုပ်တို့ကို စေစားခေါ်ယူသည်။ ဆိုလိုရင်းမှာ လူတို့၏အမြင် မည်သို့ပင်ရှိနေကွဲပြားနေလည်း သူတို့အပေါ် ကရုဏာထားရန် ဖြစ်သည်။ လူတို့၏ အတွေးအမြင် မည်သို့ပင်ရှိရှိ၊ လူတိုင်းသည် ခရစ်တော်၏ မေတ္တာနှင့်ကရုဏာတော်ကို ခံယူထိုက်သည်။ ရှင်ပေါလုက “တစ်ယောက်သောသူသည် … လူအပေါင်းတို့အတွက်ကြောင့် အသေခံတော်မူသည်ဟူ၍ … ငါတို့သည် သဘောထားလျက် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက် သွေးဆောင်တော်မူ၏” ဟုဆိုသည် (၁ ကော ၅:၁၄-၁၅)။ ကျွန်ုပ်တို့အားလုံး၌ အပြစ်ဝေဒနာစွဲကပ်နေပြီး သခင်ယေရှု၏ခွင့်လွှတ်ခြင်းအားဖြင့် အနာငြိမ်းရသောအခွင့်ကို လိုအပ်သည်။ အနာငြိမ်းပေးရန် ကိုယ်တော်သည် ကျွန်ုပ်တို့၏ထံပါးသို့ ချဉ်းလာခဲ့သည်။
ထို့နောက် ဘုရားရှင်သည် “ရန်ငြိမ်းခြင်းတရား”ကို ကျွန်ုပ်တို့လက်ထဲသို့ ယုံကြည်အပ်နှံခဲ့ခြင်းက အံ့ဖွယ်ဖြစ်သည် (:၁၉)။ ကျွန်ုပ်တို့ကဲ့သို့ပင် ဒဏ်ရာရလျက် ကျိုးပဲ့နေသူများကို စောင်မကူညီရန် ဘုရားရှင် ကျွန်ုပ်တို့ကို ဖိတ်ခေါ်နေသည်။ ကိုယ်တော်နှင့် ပြန်လည်သင့်မြတ်ခြင်းအားဖြင့် ဖျားနာသူများ ကျန်းမာခြင်းသို့ ရောက်ရသည့် အနာငြိမ်းခြင်းအမှုတော်၌ ကျွန်ုပ်တို့ပါဝင်လျက် ဤရန်ငြိမ်းခြင်း၊ အနာငြိမ်းခြင်းသည် လက်ခံရယူသူတိုင်းအတွက်ပင် ဖြစ်တော့သည်။