၂၀၂၁ ခုနှစ် နွေကူးရာသီ၌ မုန်တိုင်းနောက်လိုက်သူများက အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၌ လေဆင်နှာမောင်းမုန်တိုင်းအနီးမှ သက်တံပေါ်နေပုံကို ဗီဒီယိုနှင့်ဓာတ်ပုံများဖြင့် မှတ်တမ်းတင်နိုင်ခဲ့ကြသည်။ ဗီဒီယိုတစ်ခုတွင် လယ်ကွင်းထဲမှ ဂျုံပင်များသည် ပတ်ချာလည်နေသည့် လေဝဲဖိအားအောက်၌ ကွေးညွတ်လျက် မီးခိုရောင် ကောင်းကင်အနားသတ်၌ လေးကိုင်းသဏ္ဌာန်တောက်ပသော သက်တံပေါ်နေသည်။ အခြားဗီဒီယိုတစ်ခုတွင် လမ်းသွားလမ်းလာများက ကားလမ်းဘေး၌ရပ်ပြီး လည်ပတ်နေသည့် ကတော့ပုံ တိမ်စိုင်အနီး၌ ခိုင်မာစွာတည်ရှိနေသည့် မျှော်လင့်ခြင်းနိမိတ်ကို စောင့်ကြည့်ခဲ့ကြသည်။

ဆာလံကျမ်း ၁၀၇ တွင် ဆာလံဆရာက ခက်ခဲသောအချိန်များတွင် ဘုရားသခင်ထံသို့ ဉီးလှည့်ရန် အားပေးလျက် မျှော်လင့်ခြင်းကို ပေးသည်။ မုန်တိုင်းအလယ်၌ ရောက်နေသူတို့အား “တိမ်းယိမ်းလျက်နေ၍ ဉာဏ်တိမ်မြှုပ်ခြင်းရှိကြ၏” (:၂၇)ဟု သရုပ်ဖော်ထားသည်။ သူတို့သည် “ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော်ဟစ်၍ ဆင်းရဲဒုက္ခထဲက ထုတ်ဆောင်တော်မူ၏” (:၂၈)။

ဘဝလောကဓံကို မုန်တိုင်းပမာခံစားရသောအခါ သူ၏သားသမီးတို့သည် မျှော်လင့်ခြင်းကိုရှာဖွေလျက် ရုန်းကန်ရမည်ကို ဘုရားသခင်သိနားလည်သည်။ အထူးသဖြင့် မိုးကုတ်စက်ဝိုင်း၌ မဲမှောင်လျက် ဝရုန်းသုန်းကားဖြစ်နေ သောအခါ ကိုယ်တော်၏သစ္စာတော်ကို သတိပေးမည့်အရာများကို ကျွန်ုပ်တို့လိုအပ်သည်။

အသက်တာ၌ မုန်တိုင်းများက အတားအဆီးအဖြစ် ပေါ်လာသည်ဖြစ်စေ၊ စိတ်ခံစားမှုပိုင်း၌ ရှုပ်ထွေးမှုဖြစ်စေ၊ စိတ်ပိုင်းဖိစီးမှုဒဏ်ဖြစ်စေ ဘုရားသခင်သည် မုန်တိုင်းများကို ငြိမ်ဝပ်စေပြီး လုံခြုံရာသို့ လမ်းပြပို့ဆောင်ပေးနိုင်သည် (:၂၉-၃၀)။ မိမိဖြစ်စေလိုသည့် နည်းလမ်းနှင့်အချိန်၌ သက်သာမှုကို ကျွန်ုပ်တို့ မခံစားရ သော်လည်း ဘုရားသခင်သည် နှုတ်ကပတ်တော်၌ ထားတော်မူသော ကတိတော်များကို စောင့်ထိန်းတည်စေမည်ကို ကျွန်ုပ်တို့ ယုံကြည်နိုင်ပါသည်။ ကိုယ်တော်၏ အဓွန့်ရှည်ခိုင်ခံ့တည်ကြည်သော မျှော်လင့်ခြင်းသည် မုန်တိုင်းကြားမှ ဖောက်ထွက်ပေါ်လာမည်ဖြစ်သည်။