၁၇၄၂ ခုနှစ်၊ နိုဝင်ဘာလတွင် Charles Wesley (ချားလ်စ်ဝက်စလေ) ဟောပြောနေသည့် ဧဝံဂေလိသတင်းစကားကို ဆန့်ကျင်ရန် အင်္ဂလန်နိုင်ငံ Staffordshire (စတာ့ဖော့ဒ်ရှိုင်းယား)၌ အဓိကရုဏ်းဖြစ်ပွားခဲ့သည်။ ချားလ်စ်နှင့် သူ့အစ်ကိုဂျွန်တို့သည် နှစ်ရှည်လများ ဘုရားရှိခိုးကျောင်းဓလေ့ထုံးတမ်းများကို ပြောင်းလဲနေပုံပေါ်ခြင်းကြောင့် ထိုအမှုအရာသည် မြို့နေလူထုအဖို့ သည်းခံရန် အလွန်ခက်နေပါသည်။

အဓိကရုဏ်းအကြောင်းကို ဂျွန်ဝက်စလေ ကြားသောအခါ သူ့ညီကို ကူညီရန် စတာ့ဖော့ဒ်ရှိုင်းယားသို့ သူအလျင်အမြန်သွားခဲ့သည်။ မကြာမီမှာပင် ဂျွန် ရှိသည့်နေရာကို ကြမ်းရမ်းသည့်လူအုပ်ကြီးက ဝိုင်းထားလိုက်သည်။ ရဲဝံ့စွာပင် ဂျွန်သည် ထိုလူစု၏ခေါင်းဆောင်များနှင့် ရင်ဆိုင်တွေ့ဆုံပြီး အေးဆေးတည်ငြိမ်စွာ စကားပြောသဖြင့် တစ်ယောက်ပြီးတစ်ယောက် ဒေါသများပြေလျှော့သွားသည်။

ဂျွန်ဝက်စလေ၏ နူးညံ့သိမ်မွေ့သောစိတ်ထားက လူအုပ်ကြီးကို ငြိမ်သက်စေခဲ့သည်။ ၎င်းသည် သူ့အလိုလိုဖြစ်ပေါ်လာသည့် နူးညံ့သိမ်မွေ့မှုသဘောထက် သူအလွန်နီးကပ်စွာ လိုက်လျှောက်ခဲ့သော ကယ်တင်ရှင်သခင်၏စိတ်နှလုံးသာ ဖြစ်သည်။ သခင်ယေရှုက “ငါ့ထမ်းဘိုးကိုတင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့ နှိမ့်ချသောစိတ်သဘောရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်” (မ ၁၁:၂၉)ဟု မိန့်ကြားသည်။ “အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့်ပြည့်စုံ(ပြီး)၊ မေတ္တာစိတ်နှင့် တစ်ယောက်ကိုတစ်ယောက် သည်းခံခြင်းရှိကြ”ရန် (ဧ ၄:၂) ကျွန်ုပ်တို့ကို တမန်တော်ရှင်ပေါလု စိန်ခေါ်သည်။ နူးညံ့သိမ်မွေ့ခြင်းထမ်းပိုးသည် သူ၏စိန်ခေါ်မှုနောက်ကွယ်ရှိ စစ်မှန်သောတန်ခိုး ဖြစ်လာသည်။

ကျွန်ုပ်တို့၏လူသားဆန်မှု၌ ဤကဲ့သို့သောသည်းခံမှုရှိရန် ကျွန်ုပ်တို့အတွက် မဖြစ်နိုင်ပေ။ သို့သော် ကျွန်ုပ်တို့အတွင်းမှ ဝိညာဉ်သဘောအားဖြင့် ခရစ်တော်၏ နူးညံ့သိမ်မွေ့သည့်နှလုံးသားက ကျွန်ုပ်တို့ကို သီးခြားခွဲထုတ်ပြီး ရန်လိုသော လောကကြီးကို ရင်ဆိုင်ရန် ပြင်ဆင်ပေးနိုင်ပါသည်။ ထိုသို့ရင်ဆိုင်သောအခါ “လူအပေါင်းတို့ရှေ့၌ သင်တို့၏ဖြည်းညင်းခြင်းသဘောကို ထင်ရှားစေကြလော့” (ဖိ ၄:၅) ဟူသည့် ရှင်ပေါလု၏စကားကို ပြည့်စုံစေခြင်းပင် ဖြစ်သည်။