အမေရိကန်နိုင်ငံ၊ အက်တလန်တာမြို့မှ ရဲအရာရှိသည် ယဥ်မောင်းအမျိုးသမီးအား “ဘာ့ကြောင့် ကားကို တားတာလဲသိလား”ဟု မေးရာ၊ “မသိဘူးလေ”ဟု သူမစိတ်ရှုပ်စွာ ဖြေလိုက်သည်။ “အစ်မ ကားမောင်းနေတုန်း ဖုန်းမှာ စာရိုက်နေတယ်လေ”ဟု ရဲက ညင်သာစွာ ပြောလိုက်သည်။ သက်သေအဖြစ် ဆဲလ်ဖုန်းကို ကောက်ကိုင်လိုက်ပြီး သူမက “မဟုတ်ဘူး။ ဒါက အီးမေးလ်ပါ”ဟု ပြန်ပြောသည်။

အီးမေးလ်ပို့ရန် ဆဲလ်ဖုန်းကို အသုံးပြုခြင်းသည် ကားမောင်းနေစဥ် စာရိုက်ခြင်းကို တားမြစ်သောဥပဒေမှ ကင်းလွတ်ခွင့်ပေးမည့် ကယ်ပေါက် မဟုတ်ပါ။ ဥပဒေ၏ အဓိကအကြောင်းအရာမှာ စာရိုက်ခြင်းကို ဟန့်တားခြင်းမဟုတ်ဘဲ၊ ယာဥ်မောင်းစဥ် အာရုံလွဲသွားခြင်းကို ကာကွယ်ရန်ဖြစ်သည်။

သခင်ယေရှုသည် သူ့ခေတ်အခါက အလွန်ဆိုးရွားသော “ကယ်ပေါက်များ”ကို ဖန်တီးသည့် ဘာသာရေးခေါင်းဆောင်များကို ပြစ်တင်ပြောဆိုခဲ့သည်။ “မိဘကိုရိုသေစွာပြုလော့” ဟူသည့် ပညတ်ကိုကိုးကားလျက် “သင်တို့သည် … ဘုရားသခင်၏ ပညတ်တော်ကို လျှောက်ပတ်စွာ ပယ်ကြသည်တကား။” သခင်မိန့်ကြားခဲ့သည် (မာ ၇:၉-၁၀)။ ဘာသာရေးကိုင်းရှိုင်းမှုကို ဗန်းပြပြီး သူတော်ကောင်းယောင်ဆောင်လျက် ထိုချမ်းသာသော ခေါင်းဆောင်များသည် မိသားစုကို လျစ်လျူရှုကြသည်။ မိခင်ဖခင်များ အသက်ကြီးလာသောအခါ ‌စောင့်ရှောက်မစရန်မလို၊ သူတို့၏ ငွေကြေးကို “ဘုရားသခင်ထံ ဆက်ကပ်အပ်နှံသည်” ဟုကြေညာကြသည်။ သခင်ယေရှုက “မိမိတို့အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပယ်ကြ၏” (:၁၃)ဟု အဓိကပြဿနာကို အမြန်ပင် ထောက်ပြ သည်။ သူတို့သည် ဘုရားသခင်နှင့် သူတို့မိဘများကို မရိုမသေပြုခြင်းဖြစ်သည်။

အကြောင်းကျိုးပြဆင်ခြေသည် ပါးနပ်သည်။ ၎င်းဖြင့် ကျွန်ုပ်တို့သည် တာဝန်ဝတ္တရားများကို ရှောင်ရှားလျက်၊ တစ်ကိုယ်ကောင်းဆန်စွာ ပြုမူခြင်းအတွက် ဆင်ခြေပေးပြီး ဘုရားရှင်၏လမ်းညွှန်ပညတ်များကို ငြင်းပယ်ကြသည်။ ထိုအရာက ကျွန်ုပ်တို့၏အပြုအမူကို ဖော်ပြနေပါက ကျွန်ုပ်တို့သည် မိမိကိုယ်ကို လှည့်စားနေခြင်းသာဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်မှုသို့ ကျွန်ုပ်တို့ယိမ်းပါနေမှုများကို အဘခမည်းတော်၏ ကောင်းသောညွှန်ကြားမှုနှင့်ညီသော ဝိညာဥ်တော်၏လမ်းပြမှုနှင့် လဲလှယ်ရန် သခင်ယေရှု အခွင့်အရေး ပေးနေပါသည်။