စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် ကောလိပ်ကျောင်းသားဘဝက စိတ်ကျရောဂါ ပြင်းထန်စွာခံစားရပြီး “အကူအညီမဲ့၍ မျှော်လင့်ချက်မဲ့”သကဲ့သို့ မကြာခဏ ခံစားခဲ့ရကြောင်းကို ကျွန်တော်ကြားဖူးသည်။ ဝမ်းနည်းစရာမှာ ဤခံစားချက်များအကြောင်းကို ဆရာဝန်နှင့် သူမတိုင်ပင်ခဲ့ဘဲ အစွန်းရောက်သောအစီအစဥ်များ ပြုလုပ်ခဲ့သည်။ သေကြောင်းကြံစည်ခြင်းနှင့် ပတ်သက်သည့် စာအုပ်တစ်အုပ်ကို နယ်ခံစာကြည့်တိုက်မှမှာယူ၍ သူ့ကိုယ်သူသတ်သေရန် ရက်သတ်မှတ်ခဲ့သည်။

ဘုရားသခင်သည် အကူအညီမဲ့သူများနှင့် မျှော်လင့်ချက်မဲ့သူများကို ဂရုစိုက်ပါသည်။ သမ္မာကျမ်းစာမှပုဂ္ဂိုလ်များအား ခက်ခဲကြမ်းတမ်းသောအချိန်များတွင် ကိုယ်တော်၏ကူညီစောင်မမှုကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ယောန သေချင်သောအခါ ဘုရားသခင်သည် သူ့အား ကြင်နာစွာ ထိတွေ့ပြောဆိုခဲ့ပါသည် (ယောန ၄:၃-၁၀)။ ဧလိယသည် ထာဝရဘုရားအား သူ့အသက်ကို ရုပ်သိမ်းစေလိုခဲ့ချိန်တွင် (၃ ရာ ၁၉:၄) ဘုရားသခင်သည် သူ့အတွက် မုန့်နှင့်ရေကိုပြင်ဆင်ပေးခဲ့ပြီး (:၅-၉) ဖြည်းညင်းသောအသံဖြင့် မိန့်တော်မူခဲ့၍ (:၁၁-၁၃) သူထင်သကဲ့သို့ သူတစ်ယောက်တည်းမဟုတ်ကြောင်းကို မြင်စေခဲ့ပါသည် (:၁၈)။ ထာဝရဘုရားသည် စိတ်ပျက်အားငယ်သူများကို ချဥ်းကပ်၍ ကြင်နာစွာဖြင့် ထိရောက်သောအကူအညီများကို ပေးပါသည်။

စာကြည့်တိုက်မှ သူမှာထားသောစာအုပ်ရပြီဖြစ်ကြောင်း ကောလိပ် ကျောင်းသားအား အကြောင်းကြားစဥ်တွင် အကြောင်းကြားစာသည် လိပ်စာမှားပြီး သူ့မိဘများထံသို့ ရောက်သွားခဲ့သည်။ သူ့မိခင်က တုန်လှုပ်လျက် သူ့အား ဖုန်းခေါ်သောအခါ သူ့ကိုယ်သူသတ်သေခဲ့ပါက စိတ်ထိခိုက်ကြေကွဲစရာများ မည်မျှဖြစ်သွားမည်ကို သူသဘောပေါက်သွားသည်။ လိပ်စာမမှားခဲ့ပါက ယခုအချိန်တွင် သူရှိနေတော့မည်မဟုတ်ပါ။

ထိုကျောင်းသားသည် ကံကောင်း၍ (သို့) မထင်မှတ်ဘဲ လွတ်မြောက်သွားခြင်းဟု ကျွန်တော်မယုံပါ။ ကျွန်တော်တို့လိုအပ်ချိန်တွင် မုန့်နှင့်ရေကို ရသည်ဖြစ်စေ၊ သို့မဟုတ် အချိန်မီ လိပ်စာမှားခြင်းဖြစ်စေ နက်နဲဆန်းကြယ်သော ကြားဝင်ဖြေရှင်းမှုက ကျွန်တော်တို့အသက်ကို ကယ်ခဲ့သောအခါ ဘုရားသခင်၏ကြင်နာမှုကို ကျွန်တော်တို့ တွေ့ကြုံခံစားရခြင်းဖြစ်သည်။