စီးပွားရေးလုပ်ငန်းကြီးတစ်ခုက ၎င်း၏ထုတ်ကုန်များအနက် ပစ္စည်း (၁၀)ခု ဝယ်ယူတိုင်း မိုင် (၁၀၀၀)စာ လေကြောင်းခရီးသွားခွင့်ရမည်ဟု ကမ်းလှမ်းသောအခါ ၎င်း၏ဈေးအပေါဆုံးထုတ်ကုန်မှာ ချောကလက်ပူတင်းခွက်လေးများဖြစ်ကြောင်း လူတစ်ဦးက တွေးမိသွားသည်။ သူသည် ပူတင်းခွက်ပေါင်း (၁၂၀၀၀)ကျော်ကိုဝယ်ယူခဲ့သည်။ ဒေါ်လာ (၃၀၀၀)ဖြင့် သူသည် ရွှေဖောက်သည်အဆင့်နှင့်တကွ သူနှင့်သူမိသားစုအတွက် တစ်သက်စာလုံလောက်သည့် လေကြောင်းခရီးမိုင်များ ရရှိခဲ့သည်။ သူသည် ပူတင်းများကိုလှူခဲ့ပြီး ထိုသို့လှူခဲ့ခြင်းကြောင့် အခွန်ဆောင် ရမည့်အထဲမှ ဒေါ်လာ (၈၀၀)ကင်းလွတ်ခွင့်ရခဲ့ပြန်သည်။ ဉာဏ်ကြီးရှင်ပင်။
ယေရှုသည်အငြင်းပွားဖွယ်ရာ ပုံဥပမာကိုပြောပြပါသည်။ ဉာဏ်နီဉာဏ်နက်များသော ဘဏ္ဍာစိုးသည် အလုပ်ဖြုတ်ခံရသောအခါ သူ့သခင်ထံ၌ အကြွေးတင်နေသူတို့၏အကြွေးစာရင်းကို လျှော့ချပေးခဲ့သည်။ သူတို့အား ယခုပေးသောအကူအညီကြောင့် နောင်တွင် သူတို့ကို အမှီပြုနိုင်မည်ဟု သူသိသည်။ ဘဏ္ဍာစိုး၏ ကျင့်ဝတ်မညီသော အလုပ်လုပ်ပုံကို သခင်ယေရှုချီးမွမ်းခြင်း မဟုတ်ပါ။ ထိုသူ၏ စဥ်းစားဉာဏ်ကို ကျွန်ုပ်တို့သင်ခန်းစာယူစရာရှိကြောင်း သခင်သိသည်။ ပါးနပ်လိမ္မာစွာ “လောကီစည်းစိမ်ချမ်းသာအားဖြင့် မိတ်ဆွေများရအောင်ပြု”ပြီး၊ “ထိုစည်းစိမ်ချမ်းသာကုန်ဆုံးသောအခါ သင်တို့အား ထာဝရအိမ်တော်တွင် ကြိုဆိုလက်ခံလိမ့် မည်”ဟု သခင်မိန့်ကြားခဲ့သည် (လု ၁၆:၉ – ခေတ်သုံး)။ “ပူတင်းလူသား”က (၂၅)ပြားတန် အချိုပွဲများကို လေကြောင်းခရီးမိုင်များအဖြစ် ပြောင်းလဲလိုက်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း “မှန်သောစည်းစိမ်”ကိုရရန် “လောကီစည်းစိမ်”ကို သုံးကြပါစို့။
မှန်သောစည်းစိမ်ဆိုသည်မှာ အဘယ်နည်း။ “ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ မဆွေးမဟောင်းတတ်သော အိတ်တို့ကို ကိုယ်သုံးဖို့လုပ်ကြလော့။ သူခိုး မရောက်၊ ပိုးများမဖျက်ဆီးရာအရပ်၊ ကောင်းကင်ဘုံ၌ မကုန်မဆုံးနိုင်သောဘဏ္ဍာကို ဆည်းပူးကြလော့” (၁၂:၃၃)ဟု သခင်ယေရှုမိန့်မြွက်သည်။ ကျွန်ုပ်တို့၏ ရင်းနှီးမြှုပ်နှံမှု (စွန့်ကြဲပေးကမ်းမှု)ကြောင့် ကယ်တင်ခြင်းရရှိခြင်း မဟုတ်ပါ။ သို့သော် “အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့စိတ်နှလုံး ရောက်တတ်”ခြင်းကြောင့် (:၃၄) စွန့်ကြဲပေးကမ်းမှုအားဖြင့် ကယ်တင်ခြင်းကို အတည်ပြု သေချာစေပါသည်။