ကဗျာဆရာမ Sara Teasdale (စာရာတီးစ်ဒေးလ်)က “May” (မေလ)ဟူသည့် နွေရာသီချိန် ကဗျာအစကို “ခရမ်းဖျော့ဖျော့ ချုံပင်လေးကို လေပွေဆော့ကစားလှုပ်ခတ်သွားသည်” ဟူ၍ဖွဲ့နွဲ့ကာ ချုံပင်လေးများကို လေပြင်းတိုက်ခတ်သွားသည့် သရုပ်ကို ရေးဖွဲ့ခဲ့သည်။ သို့သော် တီးစ်ဒေးလ်သည် ဆုံးရှုံးသွားသော အချစ်အတွက် မြည်တမ်းကြေကွဲနေခြင်းဖြစ်ပြီး သူ့ကဗျာက လွမ်းချင်းတစ်ပုဒ်ဖြစ်သွားသည်။

ကျွန်မတို့အိမ် အနောက်ဘက်ရှိ ချုံပန်းလေးများလည်း ထိုစိန်ခေါ်မှုနှင့် ရင်ဆိုင်ရပါသည်။ အစွမ်းကုန်ပွင့်လန်းပြီး အလှဆုံးအချိန် ကျော်လွန်ပြီးနောက်၊ ချုံရှင်းအလုပ်ကြမ်းသမား၏ ပုဆိန်စာမိသွားပြီး ချုံမှန်သမျှ သစ်ငုတ်အတိုအစများ ဖြစ်သွားသည်။ ကျွန်မငိုမိသည်။ မှိုနှင့်ဖားဥများစွဲနေသည့် အကိုင်းခြောက်များဖြစ်ခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ယုံကြည်ခြင်းမဲ့လျက် ၎င်းတို့ကို တူးထုတ်ပစ်ရန် ကျွန်မကြံစည်ခဲ့သည်။ ထိုအခါ ကြာမြင့်စွာဒုက္ခခံခဲ့ရသည့် ချုံပင်လေး ပြန်ပေါက်လာသည်။ ၎င်းတို့အတွက် အချိန်လိုအပ်ရုံသာ ဖြစ်ပါသည်။ ကျွန်မအတွက်မူ မိမိ မမြင်နိုင် မသိနိုင်သည့်အရာကို စောင့်ဆိုင်းနေရုံသာလိုပါသည်။

သမ္မာကျမ်းစာ၌ လောကဓံဆင်းရဲဒုက္ခများကို မမှုဘဲ ယုံကြည်ခြင်းဖြင့် စောင့်ဆိုင်းသူများစွာအကြောင်းကို ဖော်ပြထားသည်။ နောဧက ကြန့်ကြာလှသည့်မိုးကို စောင့်ခဲ့ရသလို ကတိတော်ပြည်၌နေခွင့်ရရေး ကာလက်က နှစ်ပေါင်း (၄၀)၊ ရေဗက္ကာက ကိုယ်ဝန်ရနိုင်ရန် အနှစ် (၂၀)၊ ရာခေလကို လက်ထပ်နိုင်ရန် ယာကုပ်က (၇)နှစ် စောင့်ခဲ့ရသည်။ သူငယ်တော်ယေရှုကို ဖူးမြင်ရရန် ရှုမောင်သည် မျှော်လင့်စောင့်ဆိုင်းခဲ့သည်။ ၎င်းတို့သည် သည်းခံစောင့်ဆိုင်းမှုအကျိုးကို ခံစားခဲ့ရပါသည်။

ခြားနားမှုအနေနှင့် လူကိုကိုးစားသူမှာ “လွင်ပြင်၌ရှိသော သစ်ပင်ခြောက်ကဲ့သို့ ဖြစ်”သည် (ယေ ၁၇:၆)။ ကဗျာဆရာမ တီးစ်ဒေးလ်က “အေးစက်စိမ်းကားစွာ ဘဝကို ဖြတ်သန်းပြီ” ဟုသူ့ကဗျာကို အဆုံးသတ်ခဲ့သည်။ သို့သော် “ထာဝရဘုရားကို ကိုးစားသောသူ”သည် “ကောင်းချီးမင်္ဂလာကို ခံအပ်သောသူဖြစ်၏။ ထိုသူသည်ကား ရေရှိသောအရပ်၌ စိုက်”သည့်အပင်နှင့်တူ၏ (:၇-၈) ဟုယေရမိ ဝမ်းမြောက်ခဲ့သည်။

ယုံကြည်ကိုးစားသောသူသည် ဘဝလောကဓံ၏ အတက်အကျ၊ ဝမ်းမြောက်စရာနှင့် ဆင်းရဲဒုက္ခများကြားတွင် ကျွန်မတို့နှင့်အတူ လျှောက်လှမ်းလျက်ရှိသည့် ဘုရားသခင်၌ စိုက်ပျိုး၍အမြစ်တည်လျက် ရှိပေသည်။