မိမိဘဝ၏နောက်ဆုံးအချိန်၌ ရောက်ရှိနေသည်ကို ချာလာသိသည်။ ဆေးရုံကုတင်ထက် လဲလျောင်းနေစဥ် သူမ၏ခွဲစိတ်ဆရာဝန်နှင့် အလုပ်သင်ဆရာဝန်လေးများ အခန်းထဲသို့ ဝင်လာကြသည်။ နောက်ထပ်မိနစ်အတန်ကြာသည်အထိ ဆရာဝန်ကြီးက သူမကို ဂရုမစိုက်ဘဲ သူမ၏နောက်ဆုံးအခြေအနေကို အလုပ်သင်လေးများအား ရှင်းလင်းပြောပြသည်။ ပြီးမှ သူ့ဘက်လှည့်ကာ “ဘယ်လိုနေလဲ” ဟုမေးသည်။ ချာလာသည်အားနည်းစွာ ပြုံးလိုက်ပြီးမှ ဆရာဝန်အဖွဲ့အား သခင်ယေရှု၌ ရှိသည့် သူမ၏မျှော်လင့်ခြင်းနှင့် ငြိမ်သက်ခြင်းကို နူးညံ့နွေးထွေးစွာ ပြောပြခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က သခင်ယေရှုသည် ကြည့်ရှုနေသည့် လူပရိသတ်၏ရှေ့မှောက်တွင် အဝတ်အချည်းစီးနှင့် ကားတိုင်ထက်တွင် ချိတ်ဆွဲခံရပြီး နှိမ့်ချကဲ့ရဲ့ခံရလျက် ချိုးဖျက်ခံခဲ့ရသည်။ သူ့ကိုညှဥ်းဆဲသူများအား သူလက်တုံ့ပြန်ပါသလား။ မတုံ့ပြန်ပါ။ “အိုအဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ” (လု ၂၃:၃၄) ဟုသာ သခင်မိန့်တော်မူ၏။ မှားယွင်းစွာ စွပ်စွဲစီရင်ခံရပြီး ကားတင်သတ်ခံရသော်လည်း သူ့ရန်သူများ အတွက် သခင်ဆုတောင်းပေးခဲ့သည်။ ထို့နောက် ကဲ့ရဲ့ရှုတ်ချခံရသည့် အခြား ရာဇဝတ်သားတစ်ဦးအား သူ၏ယုံကြည်ခြင်းကြောင့် သူနှင့်အတူ ပရဒိသုဘုံ၌ ရှိမည်ဟု ပြောကြားခဲ့သည် (:၄၃)။ သူ၏နာကျင်မှု ၊ အရှက်တကွဲဖြစ်ရမှုများကြားတွင် သခင်ယေရှုသည် အခြားသူတို့အပေါ် ချစ်ခြင်းစိတ်ဖြင့် မျှော်လင့်ခြင်းနှင့်ဆိုင်သော အသက်နှင့်ယှဥ်သော စကားများကို မိန့်ကြားခဲ့သည်။

ချာလာသည် နားထောင်နေသူများအား ခရစ်တော်အကြောင်း ဝေမျှပြောပြပြီးနောက် မျက်ရည်ဝိုင်းနေသည့် ဆရာဝန်ကြီးအား တည့်တည့်ကြည့်ပြီး “ဆရာကော၊ ဘယ်လိုနေပါလဲ”ဟု မေးလိုက်သည်။ သခင်ခရစ်တော်၏ ကျေးဇူးတော်နှင့် တန်ခိုးတော်အားဖြင့် ဆရာဝန်ကြီးနှင့် အခန်းတွင်းရှိ အခြားသူများအပေါ် မေတ္တာစိတ်၊ ဂရုပြုမှုကိုပြလျက် အသက်နှင့်ဆိုင်သောစကားကို ချာလာ ဝေမျှခဲ့သည်။ ရုန်းကန်နေရသော မည်သည့်လက်ရှိအခြေအနေဖြစ်စေ၊ ရှေ့လာ မည့်နေ့ရက်များ၌ ကြုံရမည့်အရာဖြစ်စေ အသက်နှင့်ယှဥ်သော စကားကို နှစ်လိုနာချင်စဖွယ် ပြောကြားရန် လိုအပ်သော ရဲရင့်ခြင်းခွန်အားကို ဘုရားသခင်ပေးမည်ဖြစ်ကြောင်း စိတ်ချယုံကြည်ကြပါစို့။